အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ တရုတ်ဘဏ်အဖွဲ့တစ်ဖွဲ့ဟာ ငါးနှစ် ချေးငွေအတွက် သဘောတူညီမှုတစ်ခု လုပ်ထားတယ်လို့ ဆိုပါတယ်။
Tesla ဟာ ရှန်ဟိုင်းမှာ တည်ဆောက်ထားတဲ့ ကားစက်ရုံသစ်အတွက် တရုတ်ဘဏ်အဖွဲ့တစ်ဖွဲ့ဆီက ယွမ်ငွေ ဘီလျံ ၁၀ သန်း (ဒေါ်လာ ၁.၄ ဘီလျံ) ချေးငွေ အကူအညီသစ်တစ်ခု ရယူထားတယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ် ၃ ခုကို ကိုးကားပြီး Reuters သတင်းက ဖော်ပြထားပါတယ်။
Tesla ကို ချေးငွေ အကူအညီပေးမယ့် တရုတ်ဘဏ်တွေထဲမှာ တရုတ်ဆောက်လုပ်ရေးဘဏ် (CCB) ၊ တရုတ်စိုက်ပျိုးရေးဘဏ် (AgBank) ၊ တရုတ် စက်မှုနဲ့ ကုန်သွယ်ရေးဘဏ် (ICBC) နဲ့ ရှန်ဟိုင်း ပူဒေါင် ဖွံ့ဖြိုးရေးဘဏ် တို့လည်း ပါရှိတယ်လို့ ဆိုပါတယ်။
Photo: Tech Crunch
တရုတ်ဘဏ်တွေဟာ ၂၀၁၉ နှစ်ဆန်းပိုင်းကလည်း Tesla ကားကုမ္ပဏီကို ချေးငွေကာလ ၁၂ လ ကြာမြင့်မယ့် ချေးငွေ ယွမ် ၃.၅ ဘီလျံ ထုတ်ပေးထားပါတယ်။ ယွမ် ၃.၅ ဘီလျံချေးငွေကတော့ ၂၀၂၀ မတ်လ ၄ ရက်မှာ ပြန်ပေးရမှာပါ။ အခုချေးငွေသစ်ဟာ အရင်ယွမ် ၃.၅ ဘီလျံနဲ့ ပေါင်းပြီး ချေးငွေသက်တမ်း တိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငါးနှစ်ချေးငွေကို ရှန်ဟိုင်းကားစက်ရုံသစ်နဲ့ တရုတ်မှာ လည်ပတ်နေတဲ့ Tesla ရဲ့ စီးပွားရေးတွေမှာ ငွေပင်ငွေရင်းအဖြစ် သုံးသွားမှာပါ။ ရှန်ဟိုင်း Tesla ကားစက်ရုံဟာ တတိယမြောက် Gigafactory ဖြစ်ပြီး တစ်ခြား Tesla Gigafactory တွေကတော့ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် စတိုရေးကောင်တီ ၊ နယူးယော့ခ် ဘတ်ဖဲလိုးနဲ့ ဂျာမဏီနိုင်ငံ ဘာလင်တို့မှာ တည်ရှိပါတယ်။
Tesla ဟာ တရုတ်ဈေးကွက်မှာ Model 3ကားတွေ pre order အမှာစာ လက်ခံပြီးနောက် ၂၀၁၈ ဇူလိုင်လထဲမှာ ရှန်ဟိုင်း Gigafactory ကို တည်ဆောက်မယ့် အစီအစဉ်ကို ထုတ်ဖော်ကြေညာခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ တရုတ်ဈေးကွက်အတွင်း ထုတ်လုပ်တဲ့ Model 3 ကားတွေကို အမေရိကန်ကနေ တင်သွင်းလာတဲ့ မော်ဒယ်တွေထက် ၁၃ % ပိုသက်သာတဲ့ ဈေးနဲ့ ရောင်းချသွားမယ်လို့ Bloomberg သတင်းက ဖော်ပြခဲ့ပါတယ်။
Photo: NDTV Gadgets
ရှန်ဟိုင်း Gigafactory ဟာ တရုတ်ဈေးကွက်အတွက် Tesla Model 3 ကားတွေကို အဓိက ထုတ်လုပ်မယ့် စက်ရုံဖြစ်ပြီး ဒီနှစ် ဇန်နဝါရီလက စလို့ ကားအချို့ကို စတင် ထုတ်လုပ်နေပြီလို့ ဆိုပါတယ်။ Tesla ရဲ့ တစ်ခြား Gigafactory တွေလိုပဲ ကုမ္ပဏီဟာ စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတစ်ချို့ကို ကိုယ်တိုင် ထုတ်လုပ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ အွန်လိုင်းကနေ မှာယူတာပါ။
တရုတ်မှာ ထုတ်တဲ့ Tesla Model 3 ကားတွေကို သြစတြေးလျ ၊ ဟောင်ကောင် ၊ ဂျပန် ၊ နယူးဇီလန် ၊ အိုင်ယာလန်နဲ့မကာအို ၆ နိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပြီး ဒီနိုင်ငံတွေဆီကလည်း pre-order လက်ခံထားပါတယ်။