ဘာစီလိုနာဟာ ကမ္ဘာပေါ်မှာ ဟန့်တားဖို့အခက်ခဲဆုံးကစားသမားတဦးကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ဘာစီလိုနာလူငယ်အသင်းမှာ ထရာအိုရေးနဲ့အတူ တွဲဖက်ကစားခဲ့ဖူးသူ ဆာဂျီပယ်လန်စီယာက ချီးကျူးပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ပယ်လန်စီယာဟာ စိန့်အက်တီယန်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး စပိန်ကလပ်လီဂါနက်စ်မှာ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။
စပိန်ယူ-၂၁ အသင်းအတွက် ၂ ပွဲကစားပေးခဲ့တဲ့ ပယ်လန်စီယာနဲ့ ထရာအိုယေးတို့ဟာ ဘာကာလူငယ်အသင်းကနေ အတူတူထွက်ပေါ်ခဲ့ကြတာဖြစ်ပါတယ်။ ၀ုလ်ဗ်မှာကစားပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးနဲ့ အသန်မာဆုံးကစားသမားတဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ထရာအိုယေးဟာ ဒီဇန်နဝါရီစျေးကွက်မှာ အသင်းဟောင်းဘာကာကို အငှားနဲ့ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
စပိန်သတင်းစာ Marca နဲ့ တွေ့ဆုံမှုမှာ ပယ်လန်စီယာက "သူက အသင်းဖော်တွေနဲ့ပေါင်းသင်းဆက်ဆံမှုမှာ ထူးချွန်တဲ့ကစားသမားတော့မ ဟုတ်ပါဘူး၊ ဒါပေမယ့် ဇာဗီရဲ့ ကစားဟန်မှာတော့ သူ အံဝင်မယ်လို့ ထင်တယ်၊ သူက နေရာလွတ်တွေဖန်တီးပေးနိုင်ပြီးတော့ ဧရိယာအပြင်မှာလည်း ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်၊ ဘာကာကို ပြန်မရောက်ခင်မှာ သူ အများကြီးတိုးတက်ခဲ့ပါတယ်"
"အရမ်းမြန်ဆန်ပြီးတော့ အခုဆို သူ့ပြိုင်ဘက်တွေကို အလဲထိုးလုနီးပါးကို ဖြစ်နေပါပြီ၊ ကာကွယ်ဟန့်တားဖို့အခက်ဆုံးကစားသမားတဦးကို ဘာစီလိုနာက ရရှိလိုက်တာပါ၊ သူ့ရဲ့စွမ်းဆောင်ရည်တွေက အံ့မခန်းပါပဲ" လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ထရာအိုယေးကတော့ မြန်ဆန်မှုနဲ့ သန်မာမှုမှာ စံတင်လောက်အောင်ကောင်းမွန်ပေမယ့်လည်း အဆုံးသတ်ပိုင်းနဲ့ ဖန်တီးပေးမှုပိုင်းမှာတော့ အားနည်းသူလို့ ဝေဖန်ခံနေရသူဖြစ်ပါတယ်။
ဒီရာသီမှာ ၀ုလ်ဗ်အတွက် သွင်းဂိုး ၁ ဂိုးတည်းသာရရှိထားပြီး ဖန်တီးမှုလည်း လုံး၀မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့အတူ ဆွဲပြေးရာမှာ ပြိုင်ဘက်တွေကို နောက်ကောက်ကျအောင်ပြုလုပ်နိုင်ခဲ့ပြီး သူ့ကိုထိန်းချုပ်ဖို့ကတော့ အရမ်းခက်ခဲခဲ့ပါတယ်။