ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟို့ဂျ်လန်းဆီက နောက်ထပ် သွင်းဂိုးတွေ မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ဘောက်ဆင်းဒေးပွဲစဉ်အဖြစ် ဗီလာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီပွဲရဲ့ ပထမပိုင်းမှာ ဧည့်သည်ဗီလာက မက်ဂင်း၊ ဒန်ဒွန်ကာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂါနာချိုရဲ့ ချေပဂိုးနှစ်ဂိုး၊ ဟို့ဂျ်လန်းရဲ့ အနိုင်ဂိုးနဲ့အတူ ယူနိုက်တက်က ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဟို့ဂျ်လန်းဟာ သူ့ရဲ့ ပရီးမီးယားလိဂ် (၁၅) ပွဲမြောက်မှသာ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာတော့ အသင်းအတွက် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူပေးထားပါတယ်။
ပွဲအပြီးမှာတော့ တန်ဟက်ခ်က “ဟို့ဂျ်လန်း ဂိုးပေါက်ပျောက်တာအတွက် ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူ ဒိန်းမတ်အတွက် ဂိုးတွေ အျားကြီးသွင်းခဲ့တာ၊ ချန်ပီယံလိဂ်မှာ ဂိုးတွေသွင်းခဲ့တာကို ကျွန်တော် ထောက်ပြပြီး သူ့မှာ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတာကို ပြသခဲ့ပါတယ်”
“မင်းလုပ်နိုင်တယ်၊ ဂိုးတွေလာလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အခု ပထမဂိုးရသွားတဲ့နောက်မှာတော့ နောက်ထပ် သွင်းဂိုးတွေအများကြီး ထပ်လာတော့မှာပါ။ တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်တဲ့အခါ ပြဿနာရှိပေမယ့် ဟို့ဂျ်လန်းက သန်မာတဲ့ ပုံစံရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။