ဘရာဇီးလက်ရွေးစင်ကြယ်ပွင့် နေမာက အာဂျင်တီးနားတို့ အီတလီကိုအနိုင်ရပြီး Finalissima မှာ ချန်ပီယံဖြစ်ခဲ့တဲ့အပေါ် လှောင်ပြောင်ပြောကြားလိုက်ပါတယ်။ Finalissima ဟာ ယူရိုချန်ပီယံနဲ့ ကိုပါအမေရိကချန်ပီယံတို့ ထိပ်တိုက်တွေ့တဲ့ပွဲတပွဲဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားက အီတလီကို လော်တာရိုမာတီနက်ဇ်၊ ဒီမာရီယာ၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲအပြီး အာဂျင်တီးနားက ဆုဖလားနဲ့ အောင်ပွဲခံခဲ့ပြီး ဒီလိုအောင်ပွဲခံတဲ့နေရာမှာ အာဂျင်တီးနားတို့က ဘရာဇီးကို လှောင်ပြောင်တဲ့ သံစဥ်တွေ ဟစ်ကြွေးခဲ့ပါတယ်။
အာဂျင်တီးနားက “ဘရာဇီးရေ။ ဘာဖြစ်တာလဲ။ ကမ္ဘာ့ဖလား ငါးကြိမ်ရတဲ့အသင်းကတော့ သွားပါပြီ။ မက်ဆီက ရီယိုဒီဂျနေးရိုးကို ရောက်လာပြီး ဖလားယူသွားတယ်။ ငါတို့က အာဂျင်တီးနားတီးဝိုင်း၊ ငါတို့အမြဲတမ်းပွဲခံနေမှာ။ ဘာလို့လဲဆိုတော့ ငါတို့က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ အိပ်မက်တွေရှိနေပြီ။ ငါတို့က အာဂျင်တိုင်းတွေ။ မာရာဒိုနာကနေ မယ်ဗီးနားစ်အထိ ငါတို့ မမေ့ခဲ့ဘူး”
“အာဂျင်တီးနားကို ဘယ်နေရာအထိမဆို လိုက်အားပေးမယ်” လို့ ကြွေးကြော်ခဲ့ကြတာပါ။ ဒီလိုမျိုး ဘရာဇီးကိုပါ လှောင်ပြောင်ခဲ့ကြတဲ့အပေါ် နေမာက အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။ နေမာက “အာဂျင်တီးနားတို့က ကမ္ဘာ့ဖလားရသွားတာလားဗျ” လို့ တခွန်းတည်းနဲ့ ထိထိမိမိ တုံ့ပြန်သွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ နေမာနဲ့ ဘာစီလိုနာမှာတည်းက ကွင်းတွင်း၊ ကွင်းပြင် ဆက်ဆံရေးကောင်းတွေရှိခဲ့သူပါ။ ဒါပေမယ့် အခုအချိန်မှာတော့ နေမာတယောက် အာဂျင်တီးနားတို့ရဲ့ အပြုအမူကို လက်မခံနိုင်တော့ဘဲ အာဂျင်တီးနားကို ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။