နှစ်ကျော့စလုံးအနိုင်ယူပြီး ရီးရဲလ်တို့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။

အစ္စတန်ဘူလ်ဗိုလ်လုပွဲအတွက် ဟိုတယ်တွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားလို့ ပြောခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကျော့မှာလည်း အရေးနိမ့်ခဲ့ပြီး ဘန်ဇီမာရဲ့ တလုံးတည်းသောဂိုးနဲ့ ရီးရဲလ်တို့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဖြစ်ခဲ့ပြီး လီဗာပူးလ်ကို ဒီတကြိမ်လည်း အသာစီးယူခဲ့တာဖြစ်ပါတယ်။ 


ဒီပွဲမှာ လီဗာပူးလ်တို့ ဂိုးတွေများများသွင်းနိုင်ဖို့ လိုအပ်နေခဲ့တာဖြစ်ပေမယ့်လည်း ရီးရဲလ်ကိုတော့ သူတို့ မသွင်းယူနိုင်ခဲ့ပါဘူး။ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားတဲ့ ရီးရဲလ်က ပွဲကို ထိန်းကစားခဲ့ပြီး ခံစစ်ကိုအားပြုခဲ့တာတောင်မှ ဂိုးပေါက်ကန်ချက်နဲ့ ဂိုးပေါက်တည့်မှုမှာ လီဗာပူးလ်ထက် ပိုများခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

ကလော့ပ်က တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ ဂျိုတာ၊ နူနက်ဇ်၊ ဂက်ခ်ပိုတို့ ၄ ဦးစလုံးကို ထုတ်သုံးခဲ့ပြီး ဖာမီနို၊ ချိန်ဘာလိန်တို့ကိုပါ လူစားထည့်ခဲ့ပေမယ့် ဂိုးလုံး၀မရခဲ့တာဖြစ်ပါတယ်။ ၇၈ မိနစ်မှာတော့ ဗင်နီရှပ်စ်ရဲ့ ဖန်တီးပေးမှုကနေ ဘန်ဇီမာက ဂိုးသွင်းခဲ့ပြီး လီဗာပူးလ်နဲ့တွေ့ဆုံတိုင်း ဂိုးမြူးတတ်တဲ့ သူ့ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ 

သူ ဂိုးသွင်းပြီးချိန်မှာ ပွဲကပြီးဆုံးသွားပြီလို့ တထစ်ချပြောနိုင်ခဲ့ပြီး လီဗာပူးလ်တို့လည်း စိတ်ဓာတ်ပိုင်းပါ ထိခိုက်ခဲ့ရပါတယ်။ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှာဆိုရင် သူတို့ရဲ့ အစဉ်အလာကြီးမားမှုနဲ့ အနိုင်ရအောင် ကစားတတ်မှုတွေကို နောက်တကြိမ်ထပ်မံပြသနိုင်ခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် ခြေလှမ်းတလှမ်း ထပ်မံလှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က