ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာမှာ ရှိနေတဲ့ Huawei ကတော့ 5G ဖုန်းတွေ အကြီးအကျယ် ထုတ်သွားဖို့ ပြင်နေပါတယ်။
ဈေးကွက်ပိတ်ပင်မှုတွေ ရှိထားပေမယ့် Huawei ဟာ စမတ်ဖုန်းတင်ပို့ထုတ်လုပ်မှု အရှိန်မြှင့်နေပါတယ်။ TaiWan Times ရဲ့ သတင်းတစ်ပုဒ်မှာ စမတ်ဖုန်းထုတ်လုပ်တပ်ဆင်တဲ့ Foxconn စက်ရုံဟာ လာမယ့်နှစ်မှာ ထုတ်မယ့် Huawei 5G ဖုန်းတွေအတွက် အော်ဒါအမှာစာတွေ ရထားတယ်လို့ ဆိုပါတယ်။
Photo: CNBC
Foxconn ဟာ Huawei 5G ဖုန်းအလုံးရေ သန်း ၅၀ အထိ ထုတ်လုပ်ဖို့ အော်ဒါရထားတယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၁၉ ခုနှစ်က စပြီး 5G ဖုန်းတွေဟာ ဈေးကွက်ထဲ ဝင်ရောက်ခဲ့ကြတာ ဖြစ်ပြီး ၂၀၂၀ မှာတော့ Apple အပါအဝင် စမတ်ဖုန်းကုမ္ပဏီအကုန်လုံးဟာ 5G စမတ်ဖုန်းတွေ ထုတ်သွားဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ တတိယသုံးလပတ်အတွင်း စစ်တမ်းတွေအရ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ အကျဘက်မှာ ရှိနေတယ် ဖော်ပြထားပါတယ်။ Gartner က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စမတ်ဖုန်းရောင်းအားဟာ စုစုပေါင်း ၃၈၇ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Huawei ဟာ ဇူလိုင် ကနေ စက်တင်ဘာ ၃ လအတွင်း စမတ်ဖုန်းပေါင်း ၆၅.၈ သန်း ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နှစ်အလိုက် စမတ်ဖုန်းရောင်းအားမှာ Huawei ဟာ ပြီးခဲ့တဲ့နှစ် ကာလတူကထက် ၂၆% ပိုတက်လာခဲ့တယ်လို့ ဆိုပါတယ်။ Huawei စမတ်ဖုန်းအများစုဟာ တရုတ်ဈေးကွက်မှာ ရောင်းထွက်ခဲ့တာ ဖြစ်ပြီး တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံဈေးကွက်မှာ စမတ်ဖုန်းပေါင်း ၄၀.၅ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: CNBC
ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Huawei ဟာ ရက် ၆၀ အတွင်း Huawei Mate 30/30 Pro စီးရီး စမတ်ဖုန်းသစ်ပေါင်း ၇ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ Huawei Mate 30 ဖုန်းတွေဟာ Google apps/services တွေ တရားဝင် အပိတ်ခံလိုက်ရတဲ့ ပထမဆုံး Huawei ဖုန်းတွေ ဖြစ်ပေမယ့် တရုတ်ဈေးကွက်အတွက် ပြဿနာ မရှိဘူးလို့ ဆိုရမှာပါ။
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုကြောင့် Huawei ဟာ အမေရိကန်မိတ်ဘက် နည်းပညာကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်အစိုးရရဲ့ အကန့်အသတ်နဲ့ ထုတ်ပေးတဲ့ ယာယီလိုင်စင်ရထားတဲ့ နည်းပညာကုမ္ပဏီတွေနဲ့ အရောင်းအဝယ်လုပ်ဖြစ်ပေမယ့် အမေရိကန်ဈေးကွက်ထဲ ဝင်ဖို့ကတော့ ခက်ခဲနေဦးမှာပါ။