Burmese Ghouls အသင်းဟာ နည်းပညာကုမ္ပဏီကြီး Huawei မှကြီးမှူးကျင်းပပေးတဲ့ MLBB ပြိုင်ပွဲသုံးခုလုံးမှာ ဗိုလ်စွဲခဲ့ပါတယ်။
Sponsored bylogo

    မြန်မာနိုင်ငံရဲ့ ပရိသတ်အင်အားအတောင့်ဆုံး Mobile Legends: Bang Bang အသင်းဖြစ်တဲ့ Burmese Ghouls ကတော့ မကြာသေးခင်ကမှ Huawei Esports Championship ရဲ့ ချန်ပီယံဆုကို သုံးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။


Huawei အနေနဲ့ Mobile Legends: Bang Bang ပြိုင်ပွဲကို သုံးကြိမ်သာပြုလုပ်ပေးထားပြီး သုံးကြိမ်စလုံး Burmese Ghouls အသင်းကပဲ ဗိုလ်စွဲခဲ့တာပါ။ နောက်ဆုံးကျင်းပပေးထားတဲ့ပြိုင်ပွဲကတော့ Huawei Nova 5T Esports Championship ဖြစ်ပြီး Main Even ကို ရန်ကုန်မြို့ Junction Square မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တို့မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။



         ဒီပြိုင်ပွဲရဲ့ Main Event မှာ ဖိတ်ခေါ်အသင်း ၄ သင်းနဲ့ လက်ရည်စစ်ပွဲအောင်လာတဲ့ ၄ သင်း စုစုပေါင်း ၈ သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖိတ်ခေါ်အသင်း ၄ သင်းကတော့

•       Burmese Ghouls

•       Claw Esports

•       Team Cyanide

•       Yangon Galacticos  

         တို့ဖြစ်ပြီး အသင်းပေါင်း ၂၅၆ သင်းရှိတဲ့ လက်ရည်စစ်ပွဲကနေ Main Event ကိုတက်ရောက်လာတဲ့အသင်းတွေကတော့ -

•       Mega Myanmar

•       Narcos Esports

•       Outworld

•       Reborn Pro Gamers          တို့ပဲဖြစ်ပါတယ်။


         Main Event ပထမရက်မှာတင် လက်ရည်စစ်ပွဲကနေ တက်လာတဲ့အသင်းအားလုံး ရှုံးနိမ့်သွားခဲ့ပြီး ဖိတ်ခေါ်အသင်း ၄ သင်းသာ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

        ဒီပြိုင်ပွဲမှာ ဆုကြေးအနေနဲ့ ငွေကြေးမချီးမြှင့်ဘဲ Huawei ရဲ့နောက်ဆုံးထွက်ဖုန်းတစ်လုံးဖြစ်တဲ့ Nova 5T များကိုသာ ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ ဆုတွေကတော့ ပထမဆု Huawei Nova ဖုန်း ၅ လုံး + 5000 Diamonds + ဆုတံဆိပ်၊ ဒုတိယဆု Huawei Watch GT ၅လုံး + 2500 Diamonds ၊ တတိယဆု Huawei TalkBand B5 ၅ လုံး + 1500 Diamonds ၊ စတုတ္ထဆု 1000 Diamonds တို့ဖြစ်တယ်လို့ သိရပါတယ်။


         Main Event ဒုတိယနေ့မှာတော့ နောက်ဆုံးအဆင့်ထိ ကျန်ရှိနေတဲ့အသင်း ၄ သင်းတို့က ဆက်လက်ယှဉ်ပြိုင်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်မှာ Burmese Ghouls က Yangon Galacticos အသင်းကို 2:0 ရလဒ်နဲ့လည်းကောင်း၊ Team Cyanide က Claw Esports ကို 2:0 နဲ့လည်းကောင်း အသီးသီးအနိုင်ရခဲ့ကာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။


         တတိယလုပွဲကိုတော့ Yangon Galacticos နဲ့ Claw Esports တို့က BO1 ယှဉ်ပြိုင်ကစားခဲ့ပြီး Yangon Galacticos ကအနိုင်ရရှိကာ တတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။

         တစ်ဖက်က ဗိုလ်လုပွဲမှာတော့ Burmese Ghouls နဲ့ Team Cyanide တို့က BO5 ယှဉ်ပြိုင်ကစားခဲ့ရကာ ပွဲစဉ် ၅ ပွဲစလုံးအပြည့်ဆော့ခဲ့ရတာကြောင့် တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့တဲ့ ဗိုလ်လုပွဲလို့ ပြောရမှာပါ။ နောက်ဆုံးမှာတော့ ၂ နှစ်ဆက်ချန်ပီယံ Burmese Ghouls ကပဲ 3:2 ရလဒ်နဲ့အနိုင်ရရှိခဲ့ကာ Huawei Esports Championship ရဲ့ ၃ နှစ်ဆက်ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။


         အချိန်ကာလတွေသာ တရွေ့ရွေ့နဲ့ပြောင်းလဲသွားခဲ့ပေမယ့် ပြည်တွင်း Mobile Esports ပြိုင်ပွဲတွေရဲ့ ရေပန်းစားမှုကတော့ ကျလို့မသွားပါဘူး။ အခုအချိန်မှာဆိုရင် မိုဘိုင်းဖုန်းကုမ္ပဏီတွေ၊ အော်ပရေတာတွေကပါ Esports ပြိုင်ပွဲတွေဘက်ကို အားတက်သရောပါဝင်လာတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ Esports အလားအလာဟာ အထူးကောင်းမွန်နေပြီပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က