အမေရိကန်တရားရေးဌာနက တရုတ်တယ်လီကွန်း ကုမ္ပဏီ Huawei ကုမ္ပဏီရဲ့ CFO မန်ဝမ်ကျိုး နဲ့တစ်ခြား ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်များကို ရာဇဝတ်မှု ၁၃ ခုနဲ့တရားစွဲကြောင်း ကြေညာလိုက်ပါတယ်။
Photo: afp
အမေရိကန်အစိုးရအာဏာပိုင်တွေဟာ ကနေဒါတရားရုံးဌာနထံ မန်ဝမ်ကျိုးကို အမေရိကန်ဆီ တရားဝင် လွဲှပြောင်းပေးဖို့အကြောင်းကြားထားတယ်လို့လည်း ကနေဒါဘက်မှ တာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ တနလာၤနေ့က အတည်ပြုပြောကြားထားပါတယ်။ Huawei တည်ထောင်သူ ရန်ဇီဖိန်းရဲ့ သမီး ဖြစ်သူ မန်ဝမ်ကျိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ကနေဒါနိုင်ငံ ဗန်ကူးပါးမှာာ အထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။
"ဒီနေ့ကျွန်တော်တို့ကြေငြာချင်တာက တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ Huawei နဲ့အပေါင်းအပါတွေကို ရာဇဝတ်ဖောက်ဖျက်မှု ၂ ဒါဇင်နီးပါးအတွက် တရားစွဲဆိုမယ် ဆိုတာပါပဲ" လို့ရှေ့နေချုပ် မက်သရူး ဝစ်တိတ်ကာမှ ထုတ်ပြန်ထားပါတယ်။ တစ်ဆက်တည်းမှာပဲ "တရုတ်အနေနဲ့ဥပဒေလိုက်နာဖို့တာဝန်ရှိတဲ့ သူ့နိုင်ငံသားတွေနဲ့တရုတ်ကို ထိန်းသိမ်းရမယ်" လို့လည်း ပါရှိပါတယ်။
အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ အတွင်းရေးမှူး ဝီလ်ဘာရော့စ်ကလည်း "တရုတ်ကုမ္ပဏီတွေဟာ နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့သတ်မှတ်ထားတဲ့ တင်ပို့ကုန်ဥပဒေတွေနဲ့ ပိတ်ဆို့အရေးယူထားတဲ့ အချက်အတွေကို ချိုးဖောက်ခဲ့ပါတယ်။ သူတို့ရဲ့ တရားမဝင်တဲ့ လုပ်ဆောင်ချက်တွေမှာ တစ်ခါတစ်လေ အမေရိကန်ဘဏ္ဍာရေးစနစ်တွေပါ အသုံးချခဲ့တာ ရှိပါတယ်။ ဒါတွေ အဆုံးသတ်ပါလိမ့်မယ်" လို့ဆိုပါတယ်။
မက်သရူးဝစ်တိတ်ကာရဲ့ အဆိုအရ Huawei ဟာ အမေရိကန်မှ ပိတ်ဆို့အရေးယူထားတဲ့ အီရန်နိုင်ငံနဲ့ချိတ်ဆက်ဖို့ဟောင်ကောင်အခြေစိုက် Skycom Tech ဆိုတဲ့ ကုမ္ပဏီကို သုံးခဲ့တယ်လို့ဆိုပါတယ်။ Skycom ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Skycom.com.hk ရဲ့ ဆက်သွယ်ရန် အီးမေလ်းလိပ်စာမှာ domain@huawei.com လို့ပြထားပြီး Huawei ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ဒိုမိန်းလည်း ဖြစ်နေပါတယ်။
Huawei အနေနဲ့အီရန်နဲ့လုပ်ငန်းလုပ်ဖို့ဘဏ်အကောင့် ၁၃ ခုနဲ့အတူ ငွေကြေး လှည့်ကွက်တွေ သုံးခဲ့တာလို့လည်း ဝစ်တိတ်ကာက ပြောပါတယ်။ Huawei ဘက်ကတော့ Skycomဟာ သီးသန့်ရပ်တည်တဲ့ ကုမ္ပဏီဖြစ်ပြီး ပတ်သက်မှု မရှိဘူးလို့ပြောထားပါတယ်။ အမေရိကန်ဘက်မှ တရားစွဲရာမှာတော့ Huawei ဟာ အမေရိကန်ကနေ ဒေါ်လာငွေကြေးစီးဆင်းမှုကို လုပ်ဖို့ကမ္ဘာ့ဘဏ်တွေနဲ့အချိတ်အဆက်ပေါ် အားပြုခဲ့တယ်လို့ဆိုပါတယ်။
ဒီထဲက ဘဏ်တစ်ခုကတော့ ၂၀၁၀ နဲ့၂၀၁၄ အကြား ဒေါ်လာ သန်း ၁၀၀ ကျော် အလွဲှအပြောင်းလုပ်ပေးခဲ့ရတယ်လို့တရားစွဲချက်မှာ ဖော်ပြထားပါတယ်။ CBC သတင်းမှာတော့ တရားရုံးဌာနဟာ wire fraud လို့ခေါ်တဲ့ တယ်လီကွန်းဆက်သွယ်မှု ပါဝင်တဲ့ ငွေကြေးလိမ်လည်မှု ၊ ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုအပါအဝင် နောက်ထပ် အမှု ၁၀ ခု ရှိသေးတယ်လို့လည်း ကြေငြာထားပါတယ်။
ဒါ့အပြင် စမတ်ဖုန်း အကြမ်းခံမှုကို စမ်းသပ်ဖို့အမေရိကန်တယ်လီကွန်းကုမ္ပဏီ T-Mobile ဆီက Tappy ဆိုတဲ့ စက်ရုပ်နည်းပညာကိုလည်း Huawei အမှုဆောင် ၂ ဦးမှ ခိုးယူဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ အမှုလည်း ပါဝင်နေပါတယ်။ စုစုပေါင်းအားဖြင့် Huawei နဲ့ဆက်စပ်ပြီး အမေရိကန်အစိုးရဟာ အမှုတွဲ ၂၃ မှုနဲ့တရားစွဲထားတာပါ။
Photo: wired
Huawei ရဲ့ CFO မန်ဝမ်ကျိုးကတော့ ဗန်ကူးပါး တရားရုံးမှာ ကနေဒါဒေါ်လာ ၁၀ သန်း (ဒေါ်လာ ၇.၆ သန်း) နဲ့အာမခံရထားပေမယ့် လက်ကောက်ဝတ်မှာ အီလက်ထရောနစ် စောင့်ကြည့်ရေးပစ္စည်းနဲ့၂၄ နာရီလုံးလုံး စောင့်ကြည့်ခံထားရပါတယ်။ မန်ဝမ်ကျိုးအဖမ်းခံရစဉ်ကာလက တရုတ်ဘက်မှလည်း ကနေဒါနိုင်ငံသား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
Share