အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင် FCC ဟာ Huawei ၊ ZTE တို့နဲ့ ဆက်စပ်နေတဲ့ တယ်လီကွန်းပစ္စည်းသစ်အားလုံးကို လုံးဝပိတ်ပင်ဖို့ စီစဉ်နေပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို အကြောင်းပြုပြီး တရုတ်တယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei Technologies နဲ့ ZTE တို့ရဲ့ ထုတ်ကုန်သစ်တွေကို ရောင်းချခွင့်ပိတ်ဖို့ စီစဉ်နေတာပါ။ FCC ဥက္ကဌ ဂျက်ဆီကာ ရိုဆန်ဝေါ်စဲဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ တခြားကော်မရှင်နာ ၃ ဦးကို အဆိုပြုထားတဲ့ ပိတ်ပင်မှုအကြောင်း နောက်ဆုံးအကြိမ် ခွင့်ပြုချက်အတွက် ပေးပို့ထားပါတယ်။
Photo: Fox Business
FCC ရဲ့ ပိတ်ဆို့ခံ ကုမ္ပဏီတွေအနေနဲ့ ကွန်ရက်ပစ္စည်း ရောင်းချခွင့်မပါဘဲ အမေရိကန်ပြည်ထောင်စုအတွင်း ပစ္စည်းအစိတ်အပိုင်းသစ်တွေ ရောင်းချနိုင်တော့မှာ မဟုတ်ပါဘူး။ FCC ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ဒီပိတ်ပင်မှုအတွက် ပထမဆုံးအကြိမ် အဆိုတင်သွင်းခဲ့တာပါ။ အဲ့ဒီအချိန်က အေဂျင်စီဥက္ကဌ အဂျစ်ပိုင်က ဒီလို ပိတ်ပင်တာဟာ Huawei နဲ့ ZTE တို့လို တရုတ်ကုမ္ပဏီတွေဆီက ဖြစ်လာနိုင်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ကို ကာကွယ်ဖို့ လုပ်တာလို့ ပြောခဲ့ပါတယ်။
ဒီတစ်ခေါက်မှာလည်း အမျိုးသားလုံခြုံရေးအတွက် FCC ဟာ Huawei နဲ့ ZTE တို့ကို တရားဝင် ပိတ်ပင်လိုက်တာလို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး Axios က ဖော်ပြခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်ကတည်းက Huawei နဲ့ ZTE ထုတ်ကုန်တွေ ပိတ်ပင်ရေးဟာ FCC အေဂျင်စီ ချိန်ဆလာတဲ့ ကိစ္စဖြစ်ပါတယ်။ အီလက်ထရွန်းစ်ပစ္စည်းတွေကို သုံးပြီး တရုတ်ဘက်က အမေရိကန်ရှိ ပြည်သူတွေကို သူလျှိုထောက်လှမ်းမှုလုပ်နိုင်ကြောင်း လုံခြုံရေးကျွမ်းကျင်သူတွေက ထုတ်ပြောလာပြီးနောက် အခုလိုမျိုး ပိတ်ဆို့မှုလုပ်ဖို့ စဉ်းစားသွားတာပါ။
၂၀၂၁ ခုနှစ်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုင်ငံအတွင်း တယ်လီကွန်းပစ္စည်းဝယ်ယူရေးလိုင်စင်နဲ့ ပတ်သက်လို့ ဥပဒေတစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီဥပဒေထဲမှာ အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်နိုင်တယ်လို့ ယူဆထားတဲ့ ကုမ္ပဏီတွေကို ဖယ်ထုတ်ဖို့ စီစဉ်ထားပါတယ်။ ကွန်ရက်ပစ္စည်းရောင်းချမှုဆိုင်ရာ ပိတ်ပင်ချက်နဲ့ ပတ်သက်ပြီး အမိန့်မူကြမ်းဟာ အောက်တိုဘာ ၅ ရက်နေ့က ထွက်ရှိခဲ့ပြီ ဖြစ်ပြီး တရားဝင်ဖြစ်လာဖို့ နောက်ထပ် ထောက်ခံချက်တွေ လိုဦးမယ်လို့ FCC ဥက္ကဌ ဂျက်ဆီကာ ရိုဆန်ဝေါ်စဲက ပြောပါတယ်။
Photo : Tech Times
ဒီအဆိုပြုချက်ဟာ ကွန်ရက်ပစ္စည်းသစ်ရောင်းချမှုကိုပဲ ကန့်သတ်ထားတာ ဖြစ်ပြီး ဈေးကွက်ထဲ ရောင်းချဖြန့်ဖြူးပြီးသား Huawei နဲ့ ZTE စက်တွေကိုတော့ ရောင်းချခွင့်ပိတ်တဲ့ အမိန့်မရမချင်း ဆက်လက်ဖြန့်ဖြူးခွင့်ပေးမယ်လို့လည်း ဆိုပါတယ်။ PCMag သတင်းထဲမှာ FCC ဟာ ဗွီဒီယိုစောင့်ကြည့်ရေးသုံးပစ္စည်းတွေလည်း ရောင်းချခွင့်ပိတ်ဖို့ စီစဉ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ FCC ဟာ Huawei နဲ့ ZTE အပြင် Dahua Technology Company ၊ Hytera Communications Corporation နဲ့ Hikvision စတဲ့ တရုတ်ကုမ္ပဏီ ၃ ခုကိုလည်း ပစ်မှတ်ထား ပိတ်ပင်ဖို့ အဆိုပြုထားပါတယ်။