Galaxy Z Flip စတိုင် Huawei ရဲ့ P50 Pocket ခေါက်သိမ်းနိုင်စမတ်ဖုန်းနဲ့ Flagship မော်ဒယ် P50 Pro တို့ကို ကမ္ဘာတလွှား စတင်ရောင်းချလိုက်ပြီလို့ ဆိုပါတယ်။
Huawei P50 Pro နဲ့ P50 Pocket တို့ကို ပထမအသုတ်အနေနဲ့ အာရှပစိဖိတ် ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ၊ ဥရောပနဲ့ တောင်အမေရိကဈေးကွက်တွေမှာ ရောင်းချသွားမှာပါ။ ဒီဖုန်းနှစ်မျိုးစလုံးဟာ ၂၀၂၁ ခုနှစ်ထဲမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်တွေဖြစ်ပြီး Huawei P50 Pocket ကတော့ ဒီဇင်ဘာလထဲကမှ တရုတ်ဈေးကွက်မှာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီဖုန်းနှစ်မျိုးစလုံးကို တရုတ်ပြင်ပဈေးကွက်တွေထဲ တင်ပို့လိုက်တာပါ။
Photo: GSMArena
Huawei ရဲ့ ထိပ်တန်း Flagship ဖုန်းသစ်တွေဖြစ်ပေမယ့် ဒီဖုန်းတွေမှာ 5G နဲ့ Google Services တွေတော့ ပါဝင်ခြင်း မရှိပါဘူး။ Huawei P50 Pocket ဟာ ယောက်သွားခွံစတိုင် ခေါက်သိမ်းနိုင်ဒီဇိုင်းနဲ့လာပြီး Huawei ရဲ့Multi-Dimensional Hinge ပတ္တာကြောင့် Screen ကို ခေါက်ပိတ်ထားချိန်မှာ အဟ,တွေ ဖြစ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြင်ဘက်မှာ အသိပေးမှုတွေ ၊ ထိန်းချုပ်မှုနဲ့ ကင်မရာလုပ်ဆောင်ချက်တွေ လုပ်နိုင်တဲ့ ၁ လက်မအရွယ် Cover Screen တစ်ခု ပါရှိပါတယ်။
ကင်မရာပိုင်းမှာ 40MP Main Sensor ၊ 13MP Ultrawide နဲ့ 32MP Ultra Spectrum ကင်မရာဆိုပြီး ကင်မရာ ၃ လုံး သုံးသွားပါတယ်။ အတွင်း Screen ဟာ ၆.၉ လက်မဆိုဒ်ရှိပြီး 120Hz OLED Screen သုံးထားပါတယ်။ Screen ရုပ်ထွက် 2790 x 1188p ပါရှိပြီး punch hole ပေါက်ထဲမှာ 10.7MP Selfie ကင်မရာ နဲ့ လာပါတယ်။ Touch Sampling Rate 300Hz ဟာ EMUI 12 ကြောင့် သုံးရတာ သွက်လက်ချောမွေ့မှု ပိုရှိမယ်လို့ ဆိုပါတယ်။
Huawei P50 Pro နဲ့ P50 Pocket နှစ်မျိုးစလုံးဟာ Snapdragon 888 SoC နဲ့လာပြီး နှစ်မျိုးစလုံးလည်း 4G ကွန်ရက် speeds ပဲ ရမှာဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4000mAh ဟာ Huawei ရဲ့ 40W SuperCharge အမြန်အားသွင်းစနစ် ပံ့ပိုးထားပြီး RAM 8GB/256GB Storage (အဖြူ/အနက်) ကို ၁၂၉၉ ယူရို (မြန်မာငွေ ၂၆ သိန်းနီးပါး) နဲ့ ပလတ်တီနမ်ရွှေကာလာတစ်မျိုးတည်းနဲ့လာတဲ့ Premium Edition (12/512GB) မော်ဒယ်ကို ၁၅၉၉ ယူရို (မြန်မာငွေ ၃၂ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။
P50 Pro မော်ဒယ်ဟာ ၆.၆ လက်မ OLED Screen (2700 x 1228p) သုံးထားပြီး 120Hz Refresh Rate ပါရှိပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာ 13MP Selfie ကင်မရာသုံးထားပြီး ကျောဘက် အကြီးစားစက်ဝိုင်းပုံကင်မရာအိမ် နှစ်ခုထဲမှာ Leica ရဲ့နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ 50MP Main Sensor ၊ 40MP MonoChrome ကင်မရာ ၊ 13MP Ultrawide နဲ့ 64MP Periscope Telephoto ကင်မရာဆိုပြီး ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။
Photo: GSMArena
တရုတ်ဗားရှင်းမှာ Kirin 9000 Chipset ကို သုံးခဲ့ပြီး Global ဖြန့်ချိရာမှာ Snapdragon 888 SoC နဲ့ လာပါတယ်။ ဘက်ထရီပါဝါ 4360 mAh ၊ Huawei ရဲ့ 66W SuperCharge နဲ့ 50W Wireless SuperCharge အားသွင်းနည်းပညာတို့ သုံးလာပြီး RAM8/256GB ဗားရှင်း Golden Black နဲ့ Cocoa Gold နှစ်ရောင်နဲ့ ထွက်ထားပါတယ်။
Huawei P50 Pro ကို ၁၁၉၉ ယူရို (မြန်မာငွေ ၂၄ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဘူဂေးရီးယားဈေးကွက်မှာ Pre-Order မှာသူတွေကို Huawei FreeBuds 4 တစ်ခုပါ လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။