၂၀၂၃ ထဲမှာ မိတ်ဆက်မယ့် ဖုန်းပါ

Huawei ရဲ့ နာမည်ကျော် P Series အမှတ်တံဆိပ် စမတ်ဖုန်းသစ်ဟာ အံ့အားသင့်စရာတွေ ဖြစ်လာနိုင်ပါတယ်။ 

၂၀၂၃ မှာ ကြေညာသွားမယ်လို့ သတင်းထွက်နေတဲ့ Huawei P60 စီးရီးသစ်အကြောင်း တရုတ်လူမှုကွန်ရက် Weibo ပေါ်မှာ တစ်စွန်းတစ်စ ကြားလာရပါတယ်။ စမတ်ဖုန်းသတင်းပေး Tipster တစ်ယောက်ဆီက လာတဲ့ သတင်းအရ Huawei Flagship ထုတ်ကုန်သစ် Huawei P60 ဟာ 14nm process ပေါ်မှာ အခြေခံထားတဲ့ Kirin 9100 SoC သုံးလာမယ်လို့ သိရပါတယ်။ လက်ရှိ မျိုးဆက် 5nm process သုံး SoC တွေ လှိုင်လှိုင်ကြီး အသုံးပြုလာချိန်မှာ Huawei က Flagship မော်ဒယ် ဖုန်းတစ်လုံးအတွက် 14nm process ပေါ် အခြေခံထားတဲ့ Chipset သုံးလာမလားဆိုတာ စိတ်ဝင်စားစရာပါ။ 





စမတ်ဖုန်းဈေးကွက်ထဲက Flagship တန်းဝင် ထုတ်ကုန်တွေဟာ Qualcomm ဒါမှမဟုတ် Apple တို့ရဲ့ ထရန်စစ္စတာ ၁၅ ဘီလျံပါတဲ့ 5nm process အခြေပြု Flagship Processor ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ 14nm process ဟာ ထရန်စစ္စတာ ၂ ဘီလျံဝန်းကျင်ပဲ နိုင်တာ ဖြစ်ပါတယ်။ ဒါက ၂၀၁၅ ခုနှစ်က A9 Chipset နဲ့ မောင်းနှင်ထားတဲ့ iPhone 6s မှာ Apple အသုံးပြုခဲ့တဲ့ နည်းပညာဖြစ်လို့ ခေတ်အမြင်အရ အတော်ကြီးကို နောက်ကျကျန်နေခဲ့ပြီလို့ ဆိုရမှာပါ။ 

ဓါတ်ပုံကင်မရာစွမ်းရည်နဲ့ နာမည်ကျော်တဲ့ Huawei P Series တွေထဲမှာ Leica အမှတ်တံဆိပ်သုံး နောက်ဆုံး Huawei P Series ဖုန်းအနေနဲ့ Huawei P50 က နောက်ဆုံးဖြစ်ပြီး အခုတော့ ဂျာမန် Leica ကင်မရာကုမ္ပဏီဟာ Xiaomi နဲ့ ပူးပေါင်းပြီး Flagship ဖုန်းသစ်တွေမှာ ပွဲထုတ်လာလနေပြီ ဖြစ်ပါတယ်။ Leica နဲ့ Huawei ပူးပေါင်းမှု ပြီးဆုံးသွားပြီ ဖြစ်လို့ Huawei P60 မှာ Leica ရဲ့ ကင်မရာနည်းပညာ တွေ့ရတော့မှာ မဟုတ်ပါဘူး။

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကြောင့် စမတ်ဖုန်းလုပ်ငန်း ယိုင်နဲ့ ထိုးကျသွားတဲ့ Huawei ဟာ မျိုးဆက်သစ် Flagship ဖုန်းအတွက် နောက်ဆုံးပေါ် နည်းပညာတချို့ ထည့်သုံးခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ အမေရိကန်ရဲ့ Sanction ကြောင့် Huawei ဟာ အဓိက Chip Supplier တစ်ဦးဖြစ်တဲ့ TSMC နဲ့ အလုပ်တွဲလုပ်ခွင့်လည်း ပျောက်ဆုံးခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ ကုမ္ပဏီရဲ့ နည်းပညာ Hisilicon Kirin Chipset ကို Flagship မော်ဒယ် စမတ်ဖုန်းတွေမှာ သုံးလာရတာ ဖြစ်ပါတယ်။ 



Huawei ကုမ္ပဏီအနေနဲ့ Foldable စမတ်ဖုန်းတွေအပါအဝင် ဆန်းသစ်ပြီး နည်းပညာမြင့်မားတဲ့ ထုတ်ကုန်သစ်တွေ အင်တိုက်အားတိုက် ထုတ်လုပ်လာချိန်မှာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုနဲ့ ကြုံတွေ့ခဲ့တာပါ။ ဒါကြောင့်ပဲ နောက်ပိုင်းထွက် Huawei ဖုန်းတွေဟာ 5G ကွန်ရက်ပါ Snapdragon Chipset အသုံးပြုနိုင်ခြင်း မရှိတော့သလို Google Service လည်း အပိတ်ခံထားရပါတယ်။ Huawei အနေနဲ့ Google Play Store ၊ YouTube ၊ Gmail ၊ Google Maps ၊ Google Drive စတဲ့ Google Services တွေအစား ကိုယ်ပိုင် App Gallery ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Huawei ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုကတော့ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုသာ မရှိခဲ့ရင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Huawei နဲ့ Apple နှစ်မျိုးတည်း ထိပ်ဆုံးက ပြေးနေမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က