ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ Huawei ဖုန်းသုံးစွဲသူဦးရေဟာ သန်း ၅၀၀ ကျော်နေပြီ ဖြစ်ပါတယ်။
Photo: Duwun Tech
၂၀၁၇ ခုနှစ်က ရှန်းကျင့် အခြေစိုက် Huawei ကုမ္ပဏီဟာ စမတ်ဖုန်းအလုံးရေ ၁၅၃.၁ သန်းရောင်းချနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ သန်း ၂၀၀ ကျော်လာဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက Huawei ဟာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပြီး ဒီနှစ်ထဲမှာပဲ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ပထမဆုံးအကြိမ် ရောက်လာခဲ့တာပါ။ သြဂုတ်လမှာတော့ Huawei ရဲ့ CEO ရစ်ချတ်ယုမှ ၂၀၁၈ အကုန်မှာ ကုမ္ပဏီအနေနဲ့စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ အထိ ရောင်းချနိုင်လိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။
Huawei ရဲ့ စမတ်ဖုန်းဌာနတစ်ခု ဖြစ်တဲ့ He Gang မှ ထုတ်ပြန်ချက်အရ လာမယ့်ဒီဇင်ဘာ ၂၅ ရက်နေ့မှာ Huawei ဟာ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ ရောင်းချပြီး ဖြစ်မယ်လို့ဆိုပါတယ်။ စမတ်ဖုန်းအလုံးရေ သန်း ၂၀၀ ရောင်းချနိုင်ခြင်း အထိမ်းအမှတ်အနေနဲ့အဲဒီနေ့မှာ Huawei ဟာ အထူးမော်ဒယ် စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖို့လည်း ရှိပါတယ်။
နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်း IDC ရဲ့ တတိယသုံးလပတ် အချက်အလက်တွေအရ Huawei ဟာ စမတ်ဖုန်း အလုံးရေ ၅၂ သန်းရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ၃၂.၉% ပိုမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Samsung နဲ့Apple တို့ဟာ ဇူလိုင်ကနေ စက်တင်ဘာ သုံးလအတွင်း စမတ်ဖုန်းပေါင်း ၇၂.၂ သန်း နဲ့၄၆.၉ သန်းစီ ရောင်းချနိုင်ခဲ့တာပါ။
Huawei ဖုန်းရောင်းအားကို အဓိက မြှင့်တင်ပေးတဲ့ ဖုန်းတွေကတော့ Huawei P20 ၊ Mate 20 နဲ့Honor 10 စီးရီးတွေဖြစ်တယ်လို့CNET မှာ ဖော်ပြထားပါတယ်။ ဈေးကွက်အရ Huawei ဖုန်းတွေကို လူကြိုက်အများဆုံးနေရာတွေဟာ ဥရောပနဲ့တရုတ်ဈေးကွက်တွေ ဖြစ်ပြီး အမေရိကန်ဈေးကွက်ကိုတော့ ဒီနေ့ထက်ထိ ဝင်ခွင့် မရသေးပါဘူး။
Photo: South China Morning Post
Huawei ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့စမတ်ဖုန်းလောကရဲ့ အကြီးဆုံးနေရာကို ရောက်ရှိလာဖို့ရည်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်ကတော့ Huawei ရဲ့ စမတ်ဖုန်းရောင်းအားဟာ တစ်နှစ်လုံးနေမှ အလုံးရေ ၃ သန်းပဲ ရှိခဲ့တာပါ။