Huawei ကို လျစ်လျူရှုဖို့မဖြစ်နိုင်ခြင်းကပဲ သူ့ရဲ့ သြဇာကို အသိအမှတ်ပြုရမှာပါ

၁၉၈၇ ခုနှစ်က ဒေါ်လာ ၅၆၀၀ အရင်းအနှီးနဲ့Huawei ကို တည်ထောင်ခဲ့သူ ရန်ဇီဖိန်းဟာ ၂၀၁၉ ခုနှစ်အတွက် Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်ကျော် ၁၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခံရပါတယ်။

Photo: Pandaily



         Time မဂ္ဂဇင်းဟာ ဒီနှစ်မှာ ရှေ့ဆောင်ပုဂ္ဂိုလ်များ ၊ အနုပညာရှင်များ ၊ ခေါင်းဆောင်များ ၊ ထင်ရှားကျော်ကြားသူများ ၊ အရေးပါသူများဆိုပြီး ကဏ္ဍအလိုက် လူပုဂ္ဂိုလ် ၁၀၀ ကို ဖော်ပြခဲ့တာပါ။ မစ္စတာရန်ဇီဖိန်းဟာ ၂၀၁၉ အတွက် Time မဂ္ဂဇင်းရဲ့ အရေးပါဆုံးလူပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။

         မစ္စတာရန်ဇီဖိန်းဟာ Huawei ကို ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီကြီးဖြစ်အောင် ပုံဖော်ခဲ့သူဖြစ်ပြီး သူတည်ထောင်ခဲ့တဲ့ Huawei ဟာ ၂၀၁၈ ထဲမှာ ဝင်ငွေ ဒေါ်လာ ၁၀၇ ဘီလျံ ရခဲ့ပြီး နိုင်ငံပေါင်း ၁၇၀ မှာ ဈေးကွက်နဲ့ဖောက်သည်တွေ ရရှိထားတာပါ။ Huawei ဟာ ပဉ္စမမျိုးဆက် 5G ကွန်ရက်နည်းပညာမှာ ကမ္ဘာ့ဦးဆောင် ကုမ္ပဏီဖြစ်လာခဲ့ပြီး ကမ္ဘာတစ်လွှားမှာ 5G စာချုပ်ပေါင်း ၃၀ ချုပ်ဆိုနိုင်ခဲ့သလို 5G နည်းပညာမူပိုင်ခွင့်ပေါင်း ၂၅၇၀ ပိုင်ဆိုင်ထားပါတယ်။

         တစ်ဖက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်ရှိပြီး သူလျှိုထောက်လှမ်းနိုင်တယ်ဆိုတဲ့ စွပ်စွဲမှုများနဲ့အတူ Huawei ရဲ့ 5G နည်းပညာသစ်ကို အမေရိကန် ၊ ဂျပန်နဲ့သြစတြေးလျတို့ဟာ ပိတ်ပင်ခံထားရပါတယ်။ မစ္စတာရန်ရဲ့ သမီးဖြစ်သူ Huawei ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မန်ဝမ်ကျိုးနဲ့Huawei ကုမ္ပဏီတို့ကို အမေရိကန်ဘက်မှ ငွေကြေးခဝါချမှု ၊ ကုန်သွယ်ရေး လျှို့ဝှက်ခိုးယူမှုအပါအဝင် ဒါဇင်နဲ့ချီတဲ့ အမှုတွေနဲ့တရားစွဲထားပါတယ်။

Photo: Business Insider Singapore

         Huawei ကုမ္ပဏီဘက်မှလည်း အမေရိကန်ကွန်ဂရက်လွှတ်တော်မှ Huawei ထုတ်ကုန်တွေကို ပိတ်ပင်တားမြစ်တဲ့ အမေရိကန်အမျိုးသား ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုချက် အက်ဥပဒေ NDAA ပုဒ်မ ၈၈၉ ကို မတ်လဆန်းပိုင်းက တရားပြန်စွဲထားပါတယ်။ မစ္စတာ ရန်ဇီဖိန်းကတော့ Huawei အနေနဲ့တရုတ်အစိုးရနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အချက်ကို ငြင်းပယ်ခဲ့သလို Huawei ကုမ္ပဏီ အောင်မြင်မှုဟာ ထူးခြားကွဲပြားတဲ့ ဖောက်သည်ဝန်ဆောင်မှုကြောင့် ဖြစ်တယ်လို့ပြောထားပါတယ်။

         မစ္စတာရန်ကို Time မဂ္ဂဇင်းရဲ့ သြဇာအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့သူ ချာလီကမ့်ဘဲလ်ကတော့ ဘယ်လို သြဇာအာဏာနဲ့မှ Huawei ကို လျစ်လျူရှုဖို့မဖြစ်နိုင်ခြင်းကပဲ မစ္စတာရန်ရဲ့ သြဇာကြီးမှုကို အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။

Time မဂ္ဂဇင်းရဲ့ ၂၀၁၉ အတွက် သြဇာအကြီးဆုံး လူပုဂ္ဂိုလ်ကျော် ၁၀၀ စာရင်းမှာ နည်းပညာနယ်ပယ်မှ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ် နဲ့အိန္ဒိယမှ Relance Jio တယ်လီကွန်းသူဌေးကြီး မူကတ်ချ် အမ်ဘာနီတို့လည်း ပါဝင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က