ချယ်လ်ဆီးကစားသမားဟောင်း ရုဒ်ဂူးလစ်က မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းအတွက် ဖန်တီးပေးမှုတွေ မလုပ်ဘဲ ကိုယ်တိုင်ကန်သွင်းဖို့ကိုသာ လုပ်ဆောင်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဟွိုက်လန်းဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုးအထိ ရရှိထားပြီးဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုးမရသေးတာဖြစ်ပါတယ်။
ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်က ပရီးမီးယားလိဂ်ပွဲ ၂ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အသင်းအတွက် မက်တော်မီနေး၊ ဒါလော့တို့က ဂိုးတွေသွင်းယူပေးခဲ့ကာ ပေါင် ၇၂သန်းတန် တိုက်စစ်မှူးကတော့ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ဆက်ပျောက်နေခဲ့ပါတယ်။
ဂူးလစ်က "တိုက်စစ်မှူးတဦးအနေနဲ့ ဂိုးသွင်းနိုင်ဖို့ လိုပါတယ်၊ သူ ဂိုးတွေရနေမှသာ ယုံကြည်မှုရှိမှာပါ၊ အဲဒါဆိုရင် တသင်းလုံးကလည်း သူ့ကို အချိန်တိုင်းမှာ လိုက်ရှာနေပြီး ဘောလုံးပေးဖို့ လုပ်ပါလိမ့်မယ်၊ အခုက ယူနိုက်တက်ကစားသမားတွေက ဟွိုက်လန်းကို လုံး၀မကြည့်တာပါ၊ ဧရိယာထဲမှာဆိုရင် သူ့ကို မြင်နိုင်တဲ့နေရာတွေ ရှိပါတယ်"
"ခင်ဗျားတို့လည်းတွေ့မှာပေါ့၊ ကစားသမားအများအပြားက သူတို့ပဲကန်သွင်းဖို့ကို လုပ်နေတယ်၊ အတွင်းထဲကို ဝင်သွားတယ်၊ ပြီးတော့ ကန်သွင်းဖို့ပဲ တချိန်လုံးလုပ်နေတာ၊ ကျနော်က ဗန်ဘက်စတန်နဲ့ ကစားဖူးတယ်၊ ငါသူ့ကို ဘောလုံးပေးလိုက်ရင် ဂိုးမှာပဲလို့ အမြဲတွေးတယ်၊ သူ ကန်သွင်းမယ်ဆိုရင် ဂိုးရနိုင်တယ်လေ၊ ပိုပြီးသေချာတဲ့အတွက် ကျနော်လည်း ဘောလုံးပေးလိုက်တာပဲ"
"အခုတော့ ယူနိုက်တက်ကစားသမားတွေက တကိုယ်ကောင်းဆန်နေတယ်၊ သူတို့ ဂိုးတွေလိုအပ်နေပါတယ်၊ ဟွိုက်လန်းကို အသင်းမှာပျော်စေချင်ရင် သူ့အတွက် တသင်းလုံးက ကွဲပြားခြားနားတဲ့ ပုံစံကို လုပ်ပေးရပါလိ့မ်မယ်"လို့ ပြောဆိုသွားခဲ့ပါတယ်။