ဟွန်ဒူးရပ်စ်နိုင်ငံမှာ တစ်ပတ်အတွင်း နောက်ထပ် အကျဥ်းထောင်တစ်ခုမှာ ပြိုင်ဘက် လူဆိုးဂိုဏ်းဝင်များကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အကျဥ်းသား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) က ဟွန်ဒူးရပ်စ်မြို့တော် Tegucigalpa မြို့ အရှေ့ဘက်ရှိ El Porvenir အကျဥ်းထောင်မှာ သေနတ်နဲ့ဓားများသုံးပြီး အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာ ၂၀ ရက်) ကလည်း ဟွန်ဒူးရပ်စ်မြောက်ပိုင်း Tela မြို့ရှိ အကျဥ်းထောင်မှာ ပြိုင်ဘက် လူဆိုးဂိုဏ်းဝင်များကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အကျဥ်းသား ၁၈ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
အကျဥ်းထောင်တွေမှာ အကျဥ်းသားဦးရေ အဆမတန် များပြားနေမှုနဲ့အတူ နာမည်ဆိုးထွက်နေတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံမှာ အကျဥ်းထောင်တွင်း အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။ ဟွန်ဒူးရပ်စ်အစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၈ ရက်) မှာ နိုင်ငံရဲ့ အကျဥ်းထောင်စနစ်ကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာထားကြောင်းလည်း သိရပါတယ်။
(Photo: EPA)
အရေးပေါ်အခြေအနေ ထုတ်ပြန်မှုအရ ဟွန်အကျဥ်းထောင်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းမှာလည်း ဖြစ်ပါတယ်။ MS-13 ဂိုဏ်းဝင်ငါးဦး ထိန်းသိမ်းထားစဥ် အသတ်ခံရပြီးနောက် သမ္မတ အော်လန်ဒို ဟာနန်ဒက်ဇ်က အကျဥ်းထောင်တွေကို အရေးပေါ်အခြေအနေ ကြေညာရန်ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယမန်နေ့က El Porvenir အကျဥ်းထောင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ လုံခြုံရေးတာဝန်ရှိသူ လူးဝစ်ဆွာဇိုကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကျဥ်းထောင်တွေကို ဝင်ရောက်ထိန်းသိမ်းမယ့် အစီအစဥ်ကို ပယ်ဖျက်ပစ်ရန် ထောင်ထဲရှိ လူဆိုးဂိုဏ်းတွေက ကြိုးပမ်းနေခဲ့ကြတယ်လို့ ပြောပါတယ်။ El Porvernir အကျဥ်းထောင် အကြမ်းဖက်မှုအတွင်း အနည်းဆုံး အကျဥ်းသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ဆိုပါတယ်။
(Photo: Reuters)
"သေဆုံးဒဏ်ရာရသူတွေက ကျည်ဆန်ထိမှန်ခံရတဲ့ဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာတွေ တွေ့ရပါတယ်" လို့ လုံခြုံရေးတာဝန်ရှိသူ Antonio Coello က ပြောခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်အကျဥ်းထောင်တွေဟာ အကျဥ်းသားဦးရေ ၈,၀၀၀ သာ ထိန်းသိမ်းထားနိုင်တာဖြစ်ပေမဲ့ လက်ရှိမှာ အကျဥ်းသား ၂၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ အကျဥ်းထောင်တွင်းမှာ ထိန်းချုပ်ခွင့်ရရေးအတွက် ပြိုင်ဘက် လူဆိုးဂိုဏ်းများကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကျဖြစ်ကြောင်း သိရပါတယ်။