မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနာဆိုးလ်ရှားဟာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကို အလွန်နှစ်သက်သူဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကိုတော့ အရေးမကြီးဟန် ပြောကြားသွားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင်ကိန်းက မန်ချက်စတာယူနိုက်တက်အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူခြင်းအားဖြင့် တိုက်စစ်ပြဿနာကို ကုစားနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းကို ကာလရှည်စိတ်ဝင်စားမှုရှိခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူးရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၂၀၀ အထိ ကျသင့်ဖွယ်ရှိနေပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီပါ့မလားလို့ သံသယရှိနေတာဖြစ်ပါတယ်။
ဆိုးလ်ရှားက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ့်အခွင့်အရေးနဲ့ပတ်သက်ပြီး အရေးမကြီးဟန် ပြောကြားသွားခဲ့ပါတယ်။
“ရွိုင်က တော်တော် နားလည်ရလွယ်ပါတယ်။ သူက နားလည်ရမလွယ်ဘူးလား”
“ကျွန်တော်တို့အတွက်ကတော့ ပြင်းပြင်းထန်ထန်အလုပ်လုပ်နေရပါတယ်။ အန်သိုနီမာရှယ် ပြန်လည်ပါဝင်နိုင်တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့အားဖြည့်မှုပါ။ အန်သိုနီပြန်လာတဲ့အခါကျရင် မားကပ်စ်ကိုလည်း အကူအညီဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ တိုက်စစ်မှူးတွေ၊ လျင်မြန်မှုနဲ့အတူ လာမယ့်အပတ်အနည်းငယ်ကို ကျွန်တော် စောင့်မျှော်နေပါတယ်”
“လီဝန်ဒေါစကီး၊ ဟယ်ရီကိန်းတို့လို တိုက်စစ်မှူးတွေ အများကြီးမရှိပါဘူး။ သူတို့က အလန်ရှီးယားရား၊ ဗန်နစ္စတယ်ရွိုင်းတို့လို ထူးခြားဆန်းကြယ်တဲ့ကစားသမားတွေပါ။ ကျွန်တော်တို့မှာ ရှိနေတဲ့တိုက်စစ်မှူးတွေက မတူညီတဲ့ပုံစံမျိုးဖြစ်ပေမယ့် အခွင့်အရေးတဝက်လောက်ရရုံနဲ့ အဆုံးသတ်နိုင်တဲ့သူမျိုးကို ကျွန်တော် နှစ်သက်ပြီး သူက အဲဒါကို လုပ်နိုင်ပါတယ်။ ဟယ်ရီက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် သူက တော့တင်ဟမ်ရဲ့ ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။