ပိုးကြာဖြူခင်က ကိုရီးယားမင်းသားတွေထဲမှာ Hyun Bin ကို အကြိုက်ဆုံးပဲလို့ ဆိုပါတယ်။ ယောကျ်ားပီသတဲ့ အရည်အချင်းတွေရှိတယ်လို့ ပြောပါတယ်။
Photo: Poe Kyar Phyu Khin
ပိုးကြာဖြူခင်ကတော့ ကိုရီးယားဇာတ်ကားကိုကြိုက်တဲ့ မိန်းကလေးတွေထဲက တစ်ယောက်ပါပဲ။ လက်ရှိမှာတော့ သူက ကိုရီးယားမင်းသားချော Hyun Bin ကို အရမ်းသဘောကျနေတယ်ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ဘဝမှာ အကြိုက်ဆုံးဆိုတာကတော့ သူပဲပေါ့နော်။ သူ့ကိုလည်း Hyun Bin အနေနဲ့ပဲကြိုက်တာ။ သူရိုက်ခဲ့သမျှ ဇာတ်ကားတွေ အကုန်လုံးကို ကြိုက်တယ်။ သူ့ကို ဘာသဘောကျလဲဆိုတော့ ပြုံးရင်သူက တစ်ဝက်ပဲပြုံးတာ။ အဲဒီအခါကျရင် သူ့ပါးချိုင့်ကြီးက အကြီးကြီးပဲ အရမ်းမိုက်တယ်။ ယောကျ်ားလည်းဆန်တယ်ပေါ့နော်။ သူက ရယ်ရင်လည်းချောတယ်၊ တည်ရင်လည်းချောတယ်။ ကိုယ်က သူ့ပါးချိုင့်လေးကို ကြိုက်တယ်ဆိုပေမယ့် သူတည်နေရင် ပိုချောတယ်” လို့ သူကဆိုပါတယ်။
Photo: Hyun Bin
အခုလက်ရှိမှာလည်း သူမအရမ်းသဘောကျတဲ့ တောင်ကိုရီးယားမင်းသားချော Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ Crash landing on you ဇာတ်လမ်းတွဲကြည့်နေပါတယ်တဲ့။ ဇာတ်ကားထဲက မင်းသမီးလေးနေရာမှာတောင် ကိုယ်ဖြစ်လိုက်ချင်တယ်လို့တွေးရင်း သဘောကျမိနေတယ်လို့ ပိုးကြာဖြူခင်က သဘောကျရယ်မောရင်းပြောပြလာပါတယ်။
“ အခုကြည့်နေတဲ့ ကိုရီးယားဇာတ်ကားက Crash landing on you ဇာတ်ကားပေါ့နော်။ ဒီကားကြည့်နေတဲ့အချိန်မှာ ငါသာ အဲဒီမင်းသမီးဆိုကောင်း မှာပဲပေါ့။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆုံဖို့ဆိုတာ စိတ်ကူးယဉ်ဆန်တာထက် အပြင်မှာလည်း မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ကိုယ်လည်းစဉ်းစားမိတာက ငါလည်း လေထီးပျက်ကျပြီး မြောက်ကိုရီးယားထဲရောက်သွားရင် အရမ်းကောင်းမှာပဲပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံတက္ကသိုလ်မှာ သီချင်းသွားဆိုတဲ့ ဖျော်ဖြေပွဲမှာပြောပြခဲ့တာပါ။
Photo: Poe Kyar Phyu Khin
ပိုးကြာဖြူခင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ သူမကို ဇာတ်လမ်းတွဲ မင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ပိုးကြာဖြူခင်ကလည်း သူမရဲ့ အနုပညာအလုပ်နဲ့ပတ်သက်လာရင် ကိုရီးယားဇာတ်ကားတွေ ကြည့်ရင်း လေ့လာရတာတွေရှိတယ်လို့ ဆိုပါတယ်။
“ ကိုရီးယားဇာတ်ကားတွေကို ကြိုက်တယ်။ သူတို့အိုက်တင်တွေက အိုဗာလည်းမဖြစ်ဘူး။ သဘာဝလည်းအရမ်းကျတယ်။ တကယ်ဖြစ်နေသလိုပဲ သရုပ်ဆောင်ကြတာဆိုတော့ ကိုရီးယားဇာတ်လမ်းတွဲကို ကြည့်ရင် စိတ်ချမ်းသာတယ်။ အရမ်း စိတ်ညစ်တဲ့အချိန်၊ အထီးကျန်တဲ့အချိန်၊ အသည်းကွဲတဲ့အချိန်တွေဆိုရင် ကိုရီးယားဇာတ်ကားပဲ ကြည့်တာများတယ်။ တချို့က အသည်းကွဲရင် အစား စားတယ်၊ စားရင်တော့ ဝတယ်ပေါ့နော်။ အဲဒီတော့ ကိုယ်က အစားပဲစားတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Hyun Bin
ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။
Share