နေတိုးကတော့ ချည် ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ကြည့်တဲ့အခါမှာ ရင်ထဲမှာ ငိုမိတယ်လို့ ဆိုပါတယ်။ စစ်မှန်တဲ့ အနုပညာအားထုတ်မှုတွေကိုလည်း မြင်တွေ့ရမှာပါတဲ့။
Photo: Chi
ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် “ချည်” ရုပ်ရှင်ကားကြီး ကိုတော့ အနုပညာရှင်တွေ ပြန်ကြည့်တဲ့ အခါမှာ အရမ်းငိုခဲ့ကြတာတွေ့ရပါတယ်။ ဒီအထဲမှာအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးကလည်း သူ့ရင်ထဲက ခံစားချက်ကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ရင်ထဲမှာတော့ ပိုပြီးတော့ ငိုတာပေါ့နော်။ အပြင်မှာတော့ အဲဒီလောက်အထိ မဖြစ်ဘူးပေါ့။ Romance Drama ဖြစ်တဲ့အတွက် ကြည့်နေကြ ရသမျိုးတော့ မဟုတ်ဘူး။ သုံးပွင့်ဆိုင် ဇာတ်ကားဆိုပေမယ့် ဆူဆူညံညံနဲ့ အော်ဟစ်ပေါက်ကွဲနေတဲ့ ဇာတ်ဝင်ခန်းတွေ မပါဘူး။ နားလည်မှုနဲ့တည်ဆောက်ထားတဲ့ တကယ်ချစ်ခြင်းမေတ္တာပေါ်မှာ အခြေခံတဲ့ ဇာတ်ကားလေးဖြစ်တဲ့အခါကျတော့ ကြည့်ရှုတဲ့ ပရိသတ်လည်း ရင်ထဲမှာ ထိထိရောက်ရောက်ခံစားရမယ်လို့ မြင်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: Chi
ချည် ရုပ်ရှင်ကားကြီး Family Show ပြပြီးတဲ့နောက်မှာတော့ သက်မွန်မြင့်နဲ့ ရွှေသမီး တို့ကလည်း အရမ်းငိုခဲ့ကြတာ တွေ့ရပါတယ်။ နေတိုးကတော့ ဒီဇာတ်ကားဟာ စစ်မှန်တဲ့ အနုပညာရသကို ပေါ်လွင်စေခဲ့တယ်လို့ ဆိုပါတယ်။
“ ဇာတ်ကားတစ်ကားကို ရုပ်ရှင်သရုပ်ဆောင်တွေ ရိုက်ခဲ့ကြတယ်ဆိုတာထက် ခံစားမှုတွေနဲ့ ရင်းရတာလေ။ ခံစားမှုတွေနဲ့ရင်းပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် တကယ်ရင်ထဲကို အစစ်အမှန်ဖြစ်အောင်လုပ်ရ တာဆိုတော့ တကယ်စစ်မှန်တဲ့ အနုပညာတစ်ခုကို ခံစားလိုက်ရတယ်လို့ ယူဆရတာပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က “တန်ဖိုးရှိသော အသက်များ ကယ်တင်ကြစို့” ဆိုတဲ့ ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Chi
နေတိုးနဲ့ သက်မွန်မြင့်တို့ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကို မမြင်ရတာ ကြာပါပြီ။ အခုဆိုရင်တော့ ချည်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင်တွေ့ရတော့မယ်လို့ နေတိုးက ပြောပါတယ်။
“ ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့သရုပ်ဆောင်မှုကို ကြည့်ချင်တဲ့ ပရိသတ်တွေ အနေနဲ့ကတော့ အားရကျေနပ်မှု ပိုရှိမယ့် ဇာတ်ကားတစ်ကားလို့တော့ ကျွန်တော် မြင်ပါတယ်။ Romance Drama ဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ အခြေခံပြီး ရိုးရာ ဓလေ့ တွေကိုလည်း ဒီဇာတ်ကားထဲမှာ အတတ်နိုင်ဆုံးတော့ လူတွေ မသိသေးတဲ့ လူမျိုးစု တစ်စုမှာရှိတဲ့ ယဉ်ကျေးမှု တွေလည်း ဒီဇာတ်ကားထဲမှာ ပါတဲ့ အခါကျတော့ အများကြီး ဗဟုသုတရမယ့် ဇာတ်ကားတစ်ကားလို့ မြင်ပါတယ်” လို့ ဆိုပါတယ်။