ညီအစ်မဆိုတာ မိဘက ပေးတဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ။

ညီအစ်မတွေနဲ့ အတူကြီးပြင်းလာရသူတွေနဲ့ တစ်ဦးတည်းသော သားသမီးတွေရဲ့ ဘဝက လုံးဝကွာခြားပါတယ်။ ညီအစ်မတွေ အတူရှင်သန်ကြီးပြင်းခွင့်ရခဲ့တဲ့ အကျိုးကျေးဇူးတွေက အရမ်းအံ့သြစရာကောင်းလွန်းပါတယ်။ ညီအစ်မတွေက မတည့်ကြဘူးဆိုတာ မှန်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားတယ်ဆိုတာ သူစိမ်းက မုန်းနေသလောက်ပဲ ရှိတာပါ။ ဒီလို ချစ်ခြင်းမေတ္တာအင်အားကြီးမားတဲ့ ညီအစ်မတွေရဲ့ ဘဝက ကျေနပ်စရာပါ ။

ပျော်စရာကောင်းလွန်းတဲ့ ငယ်ဘဝတွေ

ညီအစ်မတွေနဲ့ အတူကြီးပြင်းလာကြတဲ့သူတွေဟာ ပျော်စရာကောင်းလွန်းတဲ့ ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ကြသူတွေပါ။ မိသားစုစကားဝိုင်းမှာ ငယ်ငယ်က တစ်ယောက်ကို တစ်ယောက် လူလည်ကျခဲ့ကြတာတွေ ၊ ဆော့ကစားခဲ့ကြတာတွေက ပြောလို့တောင် မကုန်နိုင်ပါဘူး။ မောပန်းစရာ ဘဝကြီးမှာ ညီအစ်မတွေကို ပိုင်ဆိုင်ခဲ့ရသူတွေအတွက်တော့ အမောပြေစရာ ငယ်ဘဝတွေ ရှိနေတတ်ပါတယ်။ အသက်အရွယ်ကြီးပြင်းလာမှုကို ပျော်ရွှင်မှုတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ငယ်ဘဝက ပျော်စရာတွေနဲ့ ပြည့်နှက်နေကြပါတယ်။

ညီအစ်မတွေ အတူတကွကြီးပြင်းခွင့်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကော ရုပ်ပိုင်းဆိုင်ရာမှာပါ အကျိုးကျေးဇူးတွေအများကြီး ရရှိနိုင်ပါတယ်။

ကြင်နာတတ်တယ်

အချင်းချင်း ရန်ဖြစ်နေရင်တောင်မှ ညီအစ်မတွေက တည့်တာမြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲရန်ဖြစ်နေပါစေ။ တစ်ယောက်ကိုယ်တစ်ယောက် ဂရုစိုက်နေကြရတာ ဖြစ်တဲ့အတွက် တခြားသူတွေထက်စာရင် ညီအစ်မရှိနေသူတွေက ကြင်နာတတ်ကြသူတွေပါ။

အကောင်းမြင်စိတ် ပိုရှိတယ်

ညီအစ်မတွေရှိခြင်းက အကောင်းမြင်စိတ်ကို ပိုဖြစ်စေတယ်။ ညီအစ်မတွေနဲ့ အတူတူရှိခြင်းက အပြစ်တင်စိတ်၊ အထီးကျန်စိတ်တွေကို လျော့ပါးစေပြီး ညီအစ်မမရှိသူတွေထက် အကြောက်တရားကို ပိုရင်ဆိုင်နိုင်တယ်။ တော်ရုံတန်ရုံလောက်ကိုလည်း ရန်ဖြစ်နေကျသူတွေမို့ ခွင့်လွှတ်နိုင်စွမ်းရှိကြပါတယ်။

ဝေမျှခံစားတတ်တယ်

စိတ်ဝင်စားစရာကောင်းတာကတော့ ကြီးလာတဲ့အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရဲဘော်ရဲဘက်တွေလို ဝေမျှရင်ဖွင့်စရာ ဖြစ်လာတယ်။ ညီအစ်မတွေနဲ့ အတူနေရတဲ့အခါ တကိုယ်ကောင်းဆန်စိတ်နည်းပြီး မျှမျှတတ တွေးတတ် ဝေမျှတတ်လာပါတယ်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ကြီးပြင်းလာရတဲ့အတွက် စာနာသနားညှာတာစိတ်တွေလည်း အပြည့်ရှိကြပါတယ်။ တခြားသူတွေထက် အတ္တနည်းပါတယ်။ ညီအစ်မရှိသူတွေဟာ ကိုယ့်အစ်မကို ၊ ကိုယ့်ညီမလေးကို ထိခိုက်မှာ ကြောက်ကြပါတယ်။ ကိုယ့်ညီမကို ထိမှာကြောက်တဲ့အတွက် သူများ ညီမတွေကိုလည်း မထိတော့ပါဘူး။ နှမချင်းစာနာတတ်ကြပါတယ် ။အသက်အရွယ်ဘယ်လောက် ကွာခြားတယ်ဆိုတာက ညီအစ်မတွေကြားမှာ ကိစ္စမဟုတ်ပါဘူး။

ပိုချစ်တတ်ကြတယ်

ညီအစ်မရှိတဲ့ သူ ၊ ညီအစ်မတွေနဲ့ အတူနေရတဲ့ သူတွေက တခြားသူတွေထက်ပိုပြီး အချစ်ခံရတာကို ခံစားရစေပါတယ်။ ပိုပြီးလည်း ချစ်တတ်ကြ၊ ကြင်နာတတ်ကြပါတယ်။ ဆယ်ကျော်သက်ဘဝမှာလည်း တခြားသူတွေလို စိတ်ဓာတ်ကျတာမျိုး ၊ အထီးကျန်ဆန်တာမျိုးတွေ နည်းပြီး စွာတေးလန်လေးတွေအဖြစ် ရှိနေတတ်ကြပါတယ်။ ညီအစ်မတွေ အတူရှိနေတဲ့အချိန်မှာ စိတ်ဓာတ်ကျစရာတွေကိုပါ ကုစားနိုင်ပါတယ်။

အိမ်ထောင်သည်ဘဝကို ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်

လေ့လာတွေ့ရှိချက်တွေအရ ညီအစ်မတွေနဲ့ အတူ နေခဲ့ကြတဲ့ သူတွေဟာ တခြားသူတွေထက် အိမ်ထောင်ရေးဘဝကို ထိန်းသိမ်းနိုင်ပြီး ကွာရှင်းတာတွေ နည်းတယ်လို့ သိရပါတယ်။ စိတ်ပညာပါမောက္ခတစ်ယောက် ရဲ့ အဆိုအရ ညီအစ်ကိုမောင်နှမတွေနဲ့ ကြီးပြင်းလာတဲ့သူတွေဟာ ကွာရှင်းဖို့ ၂ရာခိုင်နှုန်း လျော့သွားတယ်လို့ ပြောပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ရှင်းပြချက်အရတော့ ညီအစ်မတွေနဲ့ အတူကြီးပြင်းလာတဲ့သူဟာ ရန်ဖြစ်စကားများပြီး ညှိနှိုင်းယူလာကြရတာဖြစ်တဲ့အတွက် တခြားသူနဲ့ ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းဖို့ အတွေ့အကြုံတွေ ရသွားပြီးသား ဖြစ်နေကြပါတယ်။

စကားပြောကောင်းစေတယ်

ညီအစ်မရှိတဲ့သူတွေက အမြဲ တစ်ယောက်ကိုတစ်ယောက် စကားနိုင်လုရင်း ပြောနေတတ်ကြတော့ စကားပြောကောင်းနေတတ်ကြပါတယ်။ ကိုယ်လိုချင်တာ ဖြစ်ချင်တာကို ဆွဲသွင်းပြောနိုင်တတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ညီမတွေ အစ်မတွေ ရှိတဲ့ ကောင်လေးတွေမှာဆိုရင်လည်း မိန်းကလေးတွေရဲ့ စိတ်ကိုကောင်းကောင်းနားလည်ပြီး စကားပြောဆိုရာမှာ တခြားသူတွေထက် ပိုသာပါတယ်။

ပိုလွတ်လပ်ပြီး ဖန်တီးဉာဏ်စွမ်းပိုကောင်းတယ်

ငယ်ငယ်က မိဘမသိအောင် ခိုးလုပ်တာတွေ ၊ ညီအစ်မနှစ်ယောက် ကျိတ်ဖြေရှင်းရတဲ့ ကိစ္စတွေရဲ့ အကျိုးရလာဒ်အဖြစ် ဒီညီအစ်မတွေက ကြီးလာတဲ့အခါမှာ ပိုပြီး လွတ်လပ်တဲ့စိတ်ခံစားမှုနဲ့အတူ ဖန်တီးနိုင်မှုစွမ်းအားတွေလည်း တခြားသူတွေထက် ပိုမြင့်ပါတယ်။

 အကြံပေး အတိုင်ပင်ခံတွေ

ဖက်ရှင် အကြံပေးလည်း သူတို့ပါပဲ။ သမီးရည်းစားကိစ္စ အကြံပေးလည်း သူတို့ပါပဲ။ သူတို့မှာ တခြားသူစိမ်းမလိုတော့ဘဲ အချင်းချင်း အတိုင်ပင်ခံ အကြံပေးအဖြစ် ဆောင်ရွက်နေကြတာ ဘဝတလျှောက်လုံးပါပဲ။ ကိုယ်နဲ့ ပတ်သက်တဲ့ သူ့အမြင် ဘယ်လိုရှိနေပါစေ။ ကိုယ်ပြောသမျှကို နားထောင်ပေးတဲ့ သူပဲ ဖြစ်ပါတယ်။

အချင်းချင်း စောင့်ရှောက်သူ

မိဘပြီးရင် ကိုယ့်ရဲ့ အကြောင်းတွေကို အတွင်းသိ အဆင်းသိ ၊ ကိုယ့်မျက်ဝန်းတစ်ချက် အပင့်ကို ဖတ်နိုင်ပြီး ကိုယ့်ကို စောင့်ရှောက်ပေးနိုင်သူဟာ ညီအစ်မတွေပါ။ ငယ်ငယ်ကတည်းက အချင်းချင်း ဂရုတစိုက်ကြည့်ရှူနေရတာကိုက ပျော်ရွှင်ကြည်နူးစရာပါပဲ။

အချေးအငှားသန်လွန်းသူ

ညီအစ်မတွေရှိနေရင်တော့ စာအုပ်တစ်အုပ် ထုတ်ထားဖို့ လိုပါတယ်။ ပိုက်ဆံအိတ်ထဲ ပိုက်ဆံရှိတာ မြင်တာနဲ့ အမြဲ ချေးငှားနေတဲ့ သူတွေပါ။ ဒါပေမယ့်လည်း ညီအစ်မချင်းချင်း အဝတ်အစား လဲဝတ်တာ ၊ အလှကုန်တွေ မျှသုံးတာတွေကတော့ ကိုယ့်လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာ အဝတ်အစားပေါများသူလို ဖြစ်နေမှာပါ။ ညီအစ်မနှစ်ယောက် အကြိုက်တူပြီး လုနေရင်တော့ မလွယ်ဘူးပေါ့လေ။

အရမ်းကို ချစ်ကြည်နူးစရာကောင်းတဲ့ ဘဝပါ။ ဘယ်လောက်ပဲ အချင်းချင်းသတ်ကြပါစေ။ သူငယ်ချင်းတွေကြားမှာတော့ ညီအစ်မတွေကြောင်း ပြောမိရင် သဘောတကျ ပြုံးရယ်မိတတ်ကြတာပါပဲ။ ဒီညီအစ်မတွေနဲ့ အတူ ကြီးပြင်းခွင့်ရလာခဲ့တာကိုက ဘဝရဲ့ ဆုလာဒ်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

Share

Loading Next Article...
က္က