Photo -CBM
Digital Money တွေကို ရောင်း၊ ဝယ် လဲလှယ်ခြင်းတွေကို ဆောင်ရွက်ဖို့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ခွင့်ပြုထားတာမရှိတာကြောင့် Digital Currency တွေကို အွန်လိုင်းက တစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ၊ ရောင်းဝယ်လဲလှယ်မှုတွေလုပ်ဆောင်ရင် သုံးစွဲဆောင်ရွက်သူများ ဆုံးရုံးနိုင်ခြေရှိတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
Cryptocurrency ဆိုတာဟာ ရွှေ ဒါမှမဟုတ် အခြားအရာတစ်ခုခုကို ကျောထောက် နောက်ခံထားပြီး ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေး မျိုးမဟုတ်ဘဲ သင်္ချာနည်းပညာ(Mathematical Algorithm)နဲ့ လျှို့ဝှက်သင်္ကေတသတ်မှတ်ခြင်း နည်းပညာ(Cryptography)အပေါ် အခြေခံ ထုတ်ဝေထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) ဖြစ်ပါတယ်။
Cryptocurrency အသုံးပြုခြင်းရဲ့ အားနည်းချက်တွေကတော့ တရားဝင်အသိ အမှတ် ပြုထားတဲ့ငွေကြေး မဟုတ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေဆိုင်ရာ အာမခံချက်မရှိတာ၊ သုံးစွဲမှု၊ ဈေးကစားမှု မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ခြေ မြင့်မားတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က Duwun ကိုပြောပါတယ်။
ဒါ့အပြင်Cryptocurrency ဖြစ်တဲ့ အတွက် Hackers များက အချိန်မရွေး နှောက်ယှက်ခိုးယူနိုင်သောကြောင့် လုံခြုံစိတ်ချ ရမှုမရှိခြင်းနဲ့ ငွေကြေးခဝါချမှု (Money Laundering)၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်း(Terrorist Financing)၊ အခွန်ရှောင်ရှားခြင်း (Tax Evasion)နဲ့ လိမ်လည်မှုကျူးလွန်ခြင်း (Fraud)များ ပေါ်ပေါက်နိုင်ခြင်းတွေ ဖြစ်ပါတယ်။
လက်ရှိ ထုတ်ဝေအသုံးပြုလျက်ရှိတဲ့ Cryptocurrency များစွာရှိတဲ့အနက် Bitcoin ဟာ အသုံးပြုမှုအများဆုံးဖြစ်ပါတယ်။ Bitcoin နဲ့ အခြား Cryptocurrencyတွေသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံး နိုင်ခြေကို ကာကွယ်ဖို့အတွက် နိုင်ငံအချို့က စည်းမျဉ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။