နေအိမ်မှထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးကစားစရာ သေနတ်တစ်လက် ကိုင်ဆောင်ထားသူ အမျိုးသားငယ်ဟာ ရုပ်ပိုင်းဆိုင်းရာနဲ့ ဉာဏ်ရည်ဖွံဖြိုးမှုဆိုင်ရာ ကျန်းမာရေးပြဿနာများ ခံစားနေရသူ ဖြစ်တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

အဲရစ်ရဲ့ဓာတ်ပုံနှင့်အတူ တွေ့ရသည့် မိခင်ဖြစ်သူ ကတ်တာရီနာ (Photo: ELIN ANGVARSON)





ဆွီဒင်ရဲတပ်ဖွဲ့ဝင်တွေက အသက် ၂၀ နှစ်အရွယ် အဲရစ်တိုရီလ် (Eric Torell) ကို သြဂုတ် ၂ ရက် မနက်အစောပိုင်းမှာ ခြိမ်းခြောက်အန္တရာယ်ပြုနိုင်တဲ့ ပုံစံဖြင့်တွေ့ခဲ့ရတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲရစ်ဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မခံရမီ အစောပိုင်းမှာ နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးနေခဲ့တယ်လို့ ၎င်းရဲ့မိသားစုက ပြောခဲ့ပါတယ်။

အဲရစ်ရဲ့မိခင် ကတ်တာရီနာ ဆိုဒါဘာ့ဂ်က ကလေးကစားစရာ သေနတ်ဟာ လက်ဆောင်ရထားတာဖြစ်ပြီး သူမရဲ့သားဖြစ်သူဟာ ကမ္ဘာ့အကြင်နာတတ်ဆုံး အမျိုးသားတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။ အဲရစ်ဟာ Down's syndrome နဲ့ autism ရောဂါရှိနေသူလို့ သိရပါတယ်။

ရတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အဲရစ် (Photo: PRIVAT)



၎င်းဟာ ခန္ဓာကိုယ် ပုံမှန်လှုပ်ရှားနိုင်သူ မဟုတ်ကြောင်းနဲ့ စကားလည်း ကောင်းမွန်စွာ မပြောနိုင်ဘဲ အမေဆိုတဲ့ စကားလုံးကိုသာ သုံးနှုန်းပြောဆိုနိုင်တယ်လို့ မိခင်ဖြစ်သူ ကတ်တာရီနာက ဆိုပါတယ်။ ရဲတပ်ဖွဲ့က အဲရစ်ကို ပစ်ခတ်ခဲ့စဉ်မှာ ကလေးကစားစရာ ပလပ်စတစ် စက်သေနတ်ကို ကိုင်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

"ကျွန်မ နားမလည်နိုင်ပါဘူးရှင်၊ သူက ယင်ကောင်တစ်ကောင်ကိုတောင် နာကျင်အောင်လုပ်မယ့်သူ မဟုတ်ပါဘူး" လို့ ကတ်တာရီနာက ယူကြုံးမရဖြင့် ဖွင့်ဟပြောခဲ့ပါတယ်။

သြဂုတ် ၂ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီဝန်းကျင်က စတော့ဟုမ်းမြို့ ဗက်ဆက်စတန်ဒေသမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း သတင်းပေးမှု လက်ခံရရှိခဲ့ပြီးနောက် ရဲအရာရှိသုံးဦး ရောက်ရှိလာခဲ့ကြပါတယ်။

Photo: Expressen



ထို့နောက် ရဲအရာရှိတွေက အဲရစ် လက်ထဲမှာကိုင်ဆောင်ထား သေနတ်ဟာ တစ်ကယ့်အစစ်ဖြစ်ပြီး အန္တရာယ်ပြုနိုင်ကြောင်း ယူဆခဲ့ကြကာ လက်နက်ချရန် ညွန်ကြားခဲ့ကြပါတယ်။ အဲရစ်က ညွန်ကြားတဲ့အတိုင်း မလိုက်နာခဲ့ဘဲ ခြိမ်းခြောက်အန္တရာယ်ပြုမယ့်ပုံစံ ပြုမူခဲ့တာကြောင့် ၎င်းကိုပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် အဲရစ်ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ကြပါတယ်။

အဲရစ်ဟာ ယခင်ကလည်း နေအိမ်ကနေ မကြာခဏ ထွက်သွားခဲ့ပေမဲ့ အမြဲတမ်း ပြန်ရှာတွေ့ခဲ့ သို့မဟုတ် အိမ်ပြန်ရောက်လာခဲ့တယ်လို့ မိခင်ဖြစ်သူ ကတ်တာရီနာက ပြောပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့က ပေါ့ဆမှုဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးနေကြောင်း ဆွီဒင်သတင်းစာ Expressen က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က