၂၀၁၈ ခုနှစ် မေလတုန်းကမှ ရီးရဲအသင်းကနေ နှုတ်ထွက်လာခဲ့သူဖြစ်ပြီး ရီးရဲအသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် အသင်းဥက္ကဌ ပီရက်ဇ်က အခုလို ပြန်ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့အသင်းနဲ့ ၂၀၂၂ ခုနှစ် မတိုင်ခင်အထိ စာချုပ်သက်တမ်း ချုပ်ဆိုထားပြီလို့ Daily Mail ကဖော်ပြခဲ့ပါတယ်။
ရီးရဲမက်ဒရစ်က အသင်းနဲ့ လမ်းခွဲခဲ့တာ ၁၀ လသာ ကြာမြင့်သေးတဲ့ ပြင်သစ်လူမျိုး နည်းပြဇီဒန်းကို နည်းပြအဖြစ် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီလို့ တရားဝင် ကြေညာလိုက်ပါပြီ။ ဒီသတင်းကိုတော့ BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။
ဇီဒန်းအနေနဲ့ ရီးရဲလ်နည်းပြရာထူးကို လက်ရှိနည်းပြ ဆိုလာရီထံကနေ လွှဲပြောင်းရယူခဲ့တာ ဖြစ်ပြီး အခုလို နည်းပြ ပြန်မဖြစ်ခင် ၅ လလောက်ကတည်းက ဇီဒန်းတစ်ယောက် ရီးရဲအသင်းကို ပြန်ရောက်တော့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
၂၀၁၈ ခုနှစ် မေလအတွင်း သုံးနှစ်ဆက် ချန်ပီယံလိဂ်ဆုဖလားယူအပြီး ၅ ရက်အကြာမှာ ရီးရဲနဲ့ ရုတ်တရက် လမ်းခွဲပြီး နည်းပြအလုပ်ကနေ ခဏ အနားယူနေခဲ့သူ ဇီဒန်းအနေနဲ့ ချဲလ်ဆီးနည်းပြ ဖြစ်လာမယ်လို့လည်း သတင်းထွက်ခဲ့ပါသေးတယ်။ ရီးရဲအသင်းကတော့ ဇီဒန်း ထွက်ခွာသွားပြီးနောက် လာပေါ်တေကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ၄ လအကြာမှာ ရလဒ်တွေ ဆိုးရွားနေလို့ လမ်းခွဲခဲ့ပြီး ဆိုလာရီကို အစားထိုးခဲ့တာပါ။
ဒါပေမယ့် ဆိုလာရီကလည်း ရီးရဲအသင်းကို ပြန်လည်ဦးမော့လာအောင် မစွမ်းဆောင်နိုင်တဲ့အပြင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကပင် ထွက်ခဲ့ရပြီးနောက် မနေ့က ဗယ်လာဒိုလစ်ကို ၄-၁ ဂိုးနဲ့ နိုင်အောင် ကစားနိုင်ပေမဲ့လည်း ရီးရဲဥက္ကဌ ပီရက်ဇ်ကတော့ စိတ်ရှည်နိုင်တော့ခြင်းမရှိပဲ ဇီဒန်းကို ပြန်ခေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဇီဒန်း ထွက်ခွာသွားမှုနဲ့အတူ အသင်းရဲ့ ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုလည်း ထွက်ခွာသွားပြီးနောက် ရီးရဲဟာ ခြေစွမ်းပိုင်း သိသိသာသာကျဆင်းခဲ့ရပါတယ်။ လက်ရှိ အသင်းရဲ့ တိုက်စစ်ကိုတော့ ဘန်ဇီးမားက ဦးဆောင်နေပြီး သူအပါအဝင် ကစားသမား အများစုက ရီးရဲအသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါတော့သူတွေလို့လည်း BBC SPORT က ရေးသားထားပါတယ်။
ဘေးလ်ကို အသင်းမှာ ဆက်ထိန်းထားရမလား၊ လက်လွှတ်ရမလားဆိုတဲ့ အစီအစဉ်တစ်ခုကို စပိန် နာမည်ကြီးမီဒီယာ Marca က ဝက်ဘ်ဆိုဒ်မှာ လူ ၃ သိန်းကို စစ်တမ်းကောက်ယူ မေးမြန်းခဲ့ရာမှာ ၈ ရာခိုင်နှုန်းသော ပရိသတ်ကသာ အသင်းမှာ ဆက်ရှိနေစေချင်ပြီး ကျန် ၉၂ ရာခိုင်နှုန်းကတော့ မလိုချင်တော့ဘူးဆိုတဲ့သဘော တုံ့ပြန်ခဲ့ကြပါတယ်။
ဒါကြောင့် ဇီဒန်းအနေနဲ့ ရီးရဲကို ဒီတစ်ကြိမ် ပြန်ရောက်ချိန်မှာတော့ အသင်းရဲ့ လုပ်ငန်းဆောင်တာတွေကို အသစ်ကလည်း ပြန်လည် ပြုပြင်မွမ်းမံဖို့လိုပြီး ကျန်ရှိနေသေးတဲ့ လက်ရှိရာသီ အမှတ်ပေးဖလား မျှော်လင့်ချက်နဲ့ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဘယ်လောက်အထိ ပီပြင်အောင်စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဇီဒန်းကတော့ ရီးရဲမှာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ရယူပြီး ကမ္ဘာမှာ ပြိုင်စံရှာ းစံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်သူပါ။