Lဆိုင်းဇီကတော့ အသက်အရွယ်အရ အချစ်ရေးကို စဉ်းစားနေတုန်းပဲလို့ဆိုပါတယ်။ မိုးရာသီထဲ ဆိုတဲ့ သီချင်းလေးထဲက ကောင်လေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
Photo: HK
အဆိုတော် Lဆိုင်းဇီကတော့ ‘’မိုးရာသီထဲ’’ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ ဒီသီချင်းလေးဟာ အချစ်သီချင်းလေးဖြစ်တာကြောင့် ဒီသီချင်းထဲက ကောင်လေးကို သတိရလားလို့ မေးတဲ့အချိန်မှာ မီဒီယာတွေကနေတဆင့် အခုလို ဖြေဆိုခဲ့ပါတယ်။
‘’အယ်လယ် သူတောင်မှ ကလေးတွေရပြီထင်ပါတယ်။ ဒါက အပျော်နောက်တာပါ။ သတိရလားဆိုတော့လည်း ကိုယ် ငယ်ငယ်တုန်းကရေးခဲ့တဲ့ မိုးရာသီ သီချင်းလေးကတော့ အမှတ်တရဖြစ်တယ်။ အခုချိန်မှာ ပြန်တွေးရင်တော့ ရယ်ချင်တာပေါ့နော်။ အဲဒီ တစ်ယောက်နဲ့ကလည်း သူငယ်ချင်းပါပဲ။ အခုချိန်မှာတော့ အချစ်ရေးက တစ်ယောက်တည်းပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့က Borochi ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: HK
သူမက အသက်အရွယ်အရ အချစ်ရေးထက် အနုပညာအလုပ်တွေကို ပိုလုပ်လာတာ တွေ့ရပါတယ်။ အချစ်ဆိုတာကတော့ L ဆိုင်းဇီအတွက်က Single is the best ပါပဲတဲ့။
‘’ အခုချိန်မှာ ဆိုင်းဇီက တစ်ယောက်တည်းနေရတာကို ပိုလွတ်လပ်တယ်လို့ခံစားရတယ်။ အောက်တိုဘာဆိုရင် ဆိုင်းဇီ အသက် ၃၃ ပြည့်တော့မယ်။ ဒီအရွယ်မှာဆိုရင်တော့ အချစ်ရေးကို အရမ်းစဉ်းစားသွားပြီ။ တစ်ယောက်တည်းနေရတာကိုပဲ စိတ်ချမ်းသာတယ်၊ ပျော်ရွှင်ပါတယ်။ Single is the Best ပဲ’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။
Photo: HK
Lဆိုင်းဇီရဲ့ ဂီတသက်တမ်းကတော့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်ရှိပါပြီ။ သူ့ကိုတော့ ပရိသတ်တွေက ၂၀၀၄ ခုနှစ်လောက် သီချင်းလေးဖြစ်တဲ့ ‘’မိုးရာသီထဲ’’ဆိုတဲ့ သီချင်းလေးနဲ့ စတင်သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အချစ်သီချင်းလေးတွေနဲ့ အောင်မြင်သူဖြစ်တာကြောင့် တစ်ကိုယ်တော်အခွေတွေဖြစ်တဲ့ အစွဲအလမ်းကြီးသူ၊ ဝေခွဲမရပါလား စတာတွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ အတွဲ သီချင်းတွေကလည်း အောင်မြင်မှုတွေ ရရှိခဲ့တာတွေ့ရပါတယ်။