မဒီတို့အတွက် ဈေးသက်သက်သာသာနဲ့ လှပနေစေမယ့် သဘာဝအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက မီးဖိုချောင်မှာ အဆင်သင့်ရှိနေပါတယ်။ သီတင်းကျွတ်ပိတ်ရက်ရှည်မှာ ခရီးတွေထွက်ပြီး ညိုမည်းပျက်စီးနေတဲ့ အသားအရေတွေကြောင့် စိတ်ညစ်နေကြပြီလား။ မြန်မြန်နဲ့ ထိရောက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ကိုယ့်ရဲ့ အသားအရေကို ပြန်လည်ပြုပြင်ကြရအောင်ပါ။ ဈေးကြီးပေးဝယ်ပြီး အချိန်အများကြီးစောင့်ဆိုင်းနေမယ့်အစား ကိုယ်ရဲ့ မီးဖိုချောင်မှာ ရှိတဲ့ သဘာဝပစ္စည်းလေးတွေက အစွမ်းထက်တယ်ဆိုတာ လက်တွေ့ကုစားကြည့်ပါဦး။ တကယ်ကောင်းတဲ့ Skin Care အများစုက မီးဖိုချောင်က ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေပါ။ ဒီတော့ Skin Careတွေ ဈေးကြီးပေးဝယ်မယ့်အစား ကိုယ့်အိမ်ရဲ့ မီးဖိုချောင်ထဲက သဘာဝ Skin Care လေးတွေ သုံးပြီး လှပအောင်နေလို့ရပါတယ်။
သံပုရာသီး
အလွယ်ကူဆုံး နဲ့ အသုံးအများဆုံးအရာကတော့ သံပုရာသီးပါ။ သံပုရာသီးမှာ ဗီတာမင်စီတွေ အများကြီးပါဝင်တဲ့အတွက် အမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။ စီထရစ်အက်ဆစ် လည်းပါဝင်တာကြောင့်လည်း အရေပြားပေါ်က အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ ခရီးကနေ ရလာတဲ့ လေဒဏ်ရေဒဏ်တွေကို သံပုရာသီးနဲ့ ကုစားလို့ရပါတယ်။ အမာရွတ်ပေါ်မှာ လိမ်းပေးတာမျိုး ၊ မျက်နှာပြင်ကို မျက်လုံးတဝိုက်ရှောင်ကြဉ်ပြီး ပွတ်လိမ်းပေးတာမျိုး လုပ်ပေးမယ်ဆိုရင် အမာရွတ်တွေ ပျောက်ကင်းပြီး အသားအရေက ကြည်လင်ဝင်းဖန့်လာပါလိမ့်မယ်။ လက်သည်း ၊ ခြေသည်းတွေ ၊ လက်ချောင်း ၊ ခြေချောင်းလေးတွေကို သံပုရာသီးနဲ့ ပွတ်လိမ်းပေးပြီး သန့်စင်ပေးမယ်ဆိုရင် လှပပြီး ကြည်စင်နေတဲ့ အသားအရေကို ရရှိစေနိုင်မှာပါ။ ညိုညစ်ညစ်ဖြစ်လာတဲ့ အသားအရေတွေကို ကြည်လင်ဝင်းဖန့်သွားအောင် သံပုရာသီးနဲ့ ပြန်လည်ကုစားလို့ရပါတယ်။
အာလူး
အပြစ်အနာအဆာကင်းတဲ့ အသားအရည်ကို ရရှိစေနိုင်မယ့် မီးဖိုချောင်ပစ္စည်းတွေထဲမှာ အာလူးကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့ အင်ဇိုင်းပါဝင်တာကြောင့် အာလူးဟာ အမာရွတ်တွေ ၊ အနာအဆာတွေနဲ့ အမည်းစက် ၊ အမည်းကွက်တွေကို ပျောက်ကင်းသက်သာစေပါတယ်။ ခရီးကနေ ရလာတဲ့ ညိုညစ်ညစ် အသားအရေတွေကို ပြန်လည်ကြည်စင်လာဖို့ဆိုရင် လတ်ဆတ်တဲ့ အာလူးကို ထူထူလေးလှီးပြီး မျက်နှာပေါ်မှာ ၁၅မိနစ်ခန့် တင်ထားရပါမယ်။ ၁၅ မိနစ်ပြည့်သွားရင်တော့ ရေအေးနဲ့ ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းကို စိတ်ရှည်ရှည်နဲ့ လုပ်သွားပေးမယ်ဆိုရင် မျက်နှာပေါ်က အမည်းစက်၊ အမည်းကွက်တွေ ၊ နေလောင်ဒဏ်တွေနဲ့ အမာရွတ်တွေကို သိသိသာသာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
ခရီးသွားအစီအစဉ်တစ်ခုတင်ဆက်နေပြီး အလှမယ်တစ်ဦးဖြစ်တဲ့ အိမ့်မျက်ခြယ်က ခရီးကပြန်လာတိုင်း သူ့ရဲ့ အသားအရေတွေကို ဘယ်လို ထိန်းသိမ်းဖြစ်သလဲဆိုတာကို Duwun ကို ပြောပြပါတယ်။
"ပထမဆုံး ကြက်ဥအကာကိုသုံးပီး ချေးချွတ်ဖြစ်ပါတယ်။ ကြက်ဥအနှစ်ကို ဖယ်ပီး အရည်ကြည်တွေကို မျက်နှာအနှံ့လူးပါတယ်။ပြီးတော့ တစ်ရှူးစ ပါးပါးလေးတွေလိုက်ကပ်လိုက်တယ်။ လုံးဝ ခြောက်သွားရင် ပြန်ခွာချလိုက်ပါတယ်။ ခရီးမှာ ရေ လေ အပြောင်းအလဲကြောင့် အပေါ်ယံအရေပြား မွမွလေးတွေဖြစ်နေတာတွေ အကုန်ပါသွားတယ် ။ ဆားဝက်ခြံနဲ့ တခြားမျက်နှာသစ်လို့ကျန်ခဲ့တဲ့အညစ်အကြေးတွေ အကုန်ပါသွားတယ်။ ပြီးတော့ အာလူပေါးပါးလေးလွှာပြီး ကပ်ပေးလိုက်တယ်။ ဒါဆို ညစ်နေတာတွေပါဖွေးသွားတယ်။ ဒီနှစ်ခုပဲလုပ်ဖြစ်တယ်။ အရမ်းရိုးရှင်းတယ် လွယ်ကူတယ် အရမ်းလည်းထိရောက်တယ်။”
ကြက်ဥ
ကြက်ဥကတော့ ဝက်ခြံ နဲ့ ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတဲ့ မီးဖိုချောင်ပစ္စည်းလေးပဲဖြစ်ပါတယ်။ အိုမီဂါ (၃) ဖက်တီးအက်ဆစ်တွေ ပါဝင်နေတာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။ ဒါ့အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း အများကြီးပါဝင်တာကြောင့် အသားအရေကို အာဟာရဓာတ်အများကြီးဖြည့်တင်းပေးနိုင်တဲ့အတွက် ကျန်းမာစိုပြည်တဲ့ အသားအရေကို ရရှစေနိုင်ပါတယ်။ ကြက်ဥအကာကို ယူပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် ထားထားပေးရမှာပါ။ ပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ ဒီလိုသာ နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် လုပ်သွားမယ်ဆိုရင် တင်းရင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။
နနွင်း
နနွင်းကတော့ အသားလှစေတဲ့ မီးဖိုချောင်ထွက် ဆေးစွမ်းကောင်းတစ်လက်ပါ။ နနွင်းကို ဟိုးအရင်ခေတ်တွေကတည်းက ဆေးအဖြစ်နဲ့ မှီဝဲခဲ့ကြသူတွေလည်း ရှိပါတယ်။ အိန္ဒိယလူမျိုးတွေရဲ့ ရှေးယခင်ခေတ်က သုံးစွဲလာကြတဲ့ အသားလှဆေးဆိုလည်း မမှားပါဘူး။ နနွင်းကို ရေနဲ့ ဖျော်ပြီး မျက်နှာပေါ် လိမ်းလိုက်ပါ။ မိနစ် ၃၀ ပြည့်ပြီဆိုရင်တော့ ရေနဲ့ ဆေးချလိုက်လို့ရပါပြီ။ နနွင်းနဲ့ ပေါင်းတင်ခြင်းအားဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေကတော့ ဝက်ခြံဖြစ်တာကို ကာကွယ်ပေးပြီး ဝင်းဝါစိုပြည်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ ဝင်းဝါစိုပြည်တဲ့ အသားအရေကို လိုချင်တယ်ဆိုရင်တော့ မီးဖိုချောင်ထဲက နနွင်းနဲ့ ကုစားဖို့ အကြံပေးပါရစေ။
မော်ဒယ်တစ်ယောက်ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ ခင်ဆုရည်ကလည်း သူ့ရဲ့ ခရီးအပြန် အသားအရေထိန်းသိမ်းနည်းတွေကို Duwun ကို ပြောပြပါတယ်။
"ခရီးကပြန်လာရင် ရက်ပိုင်းလောက် အပြင် နေရောင်ထဲ မထွက်တော့ပဲ အသားပြန်မွေးပါတယ်..road trip တွေသွားရင် အရေပြားမှာ မမြင်ရတဲ့ ဖုန်တွေ ချေးတွေ ရှိနေတတ်လို့ Body scrub လုပ်ပါတယ်။ Body lotion/ ပေါင်းဆေးတွေ သေချာလိမ်းပြီး အနားယူပါတယ်။ သဘာဝ ပစ္စည်းတွေနဲ့ အသားအရည် ထိန်းသိမ်းရတာလည်း ကြိုက်ပါတယ်။ သခွားသီးလေးတွေ ပါးပါးလှီးပီး မျက်နှာပေါ်ကပ်ပီး ရေဓါတ်ပြန်ဖြည့်တယ်။ ပြီးတော့ မျက်နှာ အရေပြားပေါ် ပျားရည်ကို အောက်ခံလိမ်းပါတယ်။ နှုတ်ခမ်းနီ (Matte) တွေ ဆိုးပြီးရင် နှုတ်ခမ်းအသားတွေ ခြောက်နေတတ်လို့ နှုတ်ခမ်းအသားကိုလည်း ပျားရည် လိမ်းပါတယ်..သံပုရာသီးနဲ့ ခန္ဓာကိုယ် လက်တွေ ၊ ခြေထောက်တွေကို scrub သဘောမျိုး သုံးဖူးပါတယ်။ မျက်နှာက နည်းနည်း sensitive ဖြစ်တတ်လို့ မျက်နှာမှာတော့ မလုပ်ဖူးဘူး။ ခရမ်းချဉ်သီးကိုလည်း သခွားသီးလိုပဲ ခပ်ပါးပါး လှီးပြီး မျက်လုံးကို ချန်ပြီး မျက်နှာ အသားအရေပေါ် နေရာအနံ့ ကပ်ပါတယ်။"
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကတော့ နုပျိုတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေမယ့် မီးဖိုချောင်ထွက် အသားအရေထိန်းသိမ်းနည်း ပစ္စည်းပါ။ ခရမ်းချဉ်သီးကို ကျိတ်ချေပြီး မျက်နှာပေါ် လိမ်းကျံပေးမယ်ဆိုရင် ဝက်ခြံနဲ့ အမာရွတ်တွေကို လျင်လျင်မြန်မြန် လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဓာတ်သတ္တိတွေက အသားအရေကို သဘာဝအတိုင်း အညစ်အကြေး ကင်းစင်စေပြီး အိုမင်းရင့်ရော်မှုတွေကို တိုက်ထုတ်ပေးပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက် ခရမ်းချဉ်သီးနဲ့ ပေါင်းတင်ပေးမယ်ဆိုရင် ကြည်လင်နုပျိုတဲ့ အသားအရေတွေကို ရရှိပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။
သတိထားသင့်တဲ့ အရေပြားကျန်းမာရေး
သဘာဝပစ္စည်းတွေနဲ့ အလွန်အကျွံပေါင်းတင်ခြင်းရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကို အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော်က Duwun ကို ပြောပြပါတယ်။
“အသီးနဲ့ လုပ်တာကတော့ ကောင်းတာတွေလည်းရှိသလို အစေးရှိနေတာတွေလည်း ရှိတာပေါ့။ ကောင်းလို့လည်း သူများတွေ သုံးနေကြတာပေါ့။ အရေးကြီးတာက အရေပြားထိခိုက်နေတဲ့အချိန်မှာ အက်ဆစ်ပါတဲ့ အသီးတစ်ခုခုနဲ့ လောင်သွားပြီဆိုရင် အဲဒီနေရာက အရေပြားကို ပိုပြီးတော့ ဆိုးကျိုးတွေ ပေးနိုင်တယ်။ ကောင်းလို့လည်း လုပ်နေကြတာပါ။ စာတွေမှာလည်း ပါတယ်။ သူများတွေလည်း လုပ်နေကြတာပါပဲ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီးတော့ သုံးရင်တော့ အကုန်လုံးက ဆေးဖြစ်တာပဲလေ။ မချင့်ချိန်ပဲ သုံးလိုက်မယ်ဆိုရင် ဓာတ်မတည့်မှုလက္ခဏာတွေကို နည်းနည်းပါးပါးနားလည်သဘောပေါက်ရမယ်။ အရေပြားကောင်းမကောင်း သိရမယ် ၊ အရေပြားကို ပွတ်တိုက်စားတာမျိုးမလုပ်ရဘူး။ ကိုယ်သုံးနေကျ ဖြစ်နေတဲ့အရာမျိုးဆိုရင် ချင့်ချိန်ပြီး အတိုင်းအဆနဲ့ သုံးတာမျိုးပဲ ဖြစ်စေချင်တာ။ မချင့်ချိန်ဘဲ အတိုင်းအဆမရှိ သုံးမယ်ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေအများကြီးဖြစ်နိုင်တယ်။ ကိုယ်နဲ့တည့်တဲ့အရာကို ကိုယ်နဲ့ တည့်တဲ့ နည်းလမ်းအတိုင်းသုံးတာက အကောင်းဆုံးပဲ။ နောက်တစ်ခုက နှစ်မျိုး ၊ သုံးမျိုး ပေါင်းသုံးရင်လည်း မကောင်းပြန်ဘူး။ ခဏခဏ လုပ်ရင်လည်း အရေပြားပွတ်တိုက်တာ ၊ ပွန်းတာတွေ ဖြစ်သွားတတ်တယ်။ ဓာတ်မတည့်မှု လက္ခဏာကတော့ ယောင်ယမ်းတာတွေ ၊ နီမြန်းတာတွေ ၊ ယားယံတာ၊ မည်းလာတာ စတာတွေပေါ့ ။ ဒါတွေကို သတိထားရမယ်။”
ဒါတွေကတော့ မီးဖိုချောင်မှာ အလွယ်တကူရရှိနိင်တဲ့ သဘာဝအသားအရေထိန်းသိမ်းနည်းတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဓာတုဆေးဝါးတွေ မပါဝင်ဘဲ ဈေးသက်သာတဲ့ ပစ္စည်းတွေဖြစ်လို့ အန္တရာယ်ကင်းတဲ့ နုပျိုလှပခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဆေး လွန်ဘေးဆိုတဲ့ စကားလည်း ရှိနေတဲ့အတွက် အစစအရာရာမှာ ကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ နဲ့ အလွန်အကျွံသုံးစွဲတာမျိုးတွေ မပြုလုပ်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။
Share