အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဒါနီဆီဘယ်လို့စ်အတွက် ရီးရဲမက်ဒရစ်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းကို ပေးချေပြီးခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်၊ လူကာဂျိုဗစ်၊ အီဒါမီလီတာအိုတို့ကို ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲပြီး ခေါ်ယူခဲ့တာကြောင့် ဝင်ငွေထွက်ငွေ ဟန်ချက်ညီအောင် ကစားသမားအချို့ကို ရောင်းထုတ်သွားချင်တဲ့ဆန္ဒရှိနေသလို ဆီဘယ်လို့စ်ကလည်း ယခုနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေသူဖြစ်ပါတယ်။
ဆီဘယ်လို့စ်ဟာ လက်ရှိအချိန်မှာ စပိန်ယူ-၂၁ အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူထားသူဖြစ်ပါတယ်။ AS ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆီဘယ်လို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းက ဆီဘယ်လို့စ်အတွက် ရီးရဲမက်ဒရစ်အသင်းက တောင်းဆိုထားတဲ့ ယူရိုသန်း ၅၀ ကို ပေးချေဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ သိရပြီး ရီးရဲမက်ဒရစ်ဥက္ကဌ ပီးရက်ဇ်ဟာ ဆီဘယ်လို့စ်ကို နှစ်သက်သူဖြစ်တာကြောင့် ပြန်လည်ဝယ်ယူခွင့်ပါဝင်တဲ့ သဘောတူညီမှုနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူဖို့အတွက် ပေါင် ၄၅ သန်းသာ သုံးစွဲခွင့်ရရှိထားပြီး ယင်းပမာဏအားလုံးကို ဆီဘယ်လို့စ်တစ်ဦးတည်းကို ခေါ်ယူဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။