အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား လူးကပ်ဗက်ကွက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုတွေ ပြုလုပ်နေတယ်လို့ စပိန်သတင်းစာများက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကစားသမား (၅)ဦးအထိ ခေါ်ယူထားပြီး ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ထပ်မံလှုပ်ရှားလာတာ ဖြစ်ပါတယ်။
Don Balon ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နောက်ထပ်ပစ်မှတ်အဖြစ် ဗက်ကွက်စ်ကို ယူရိုသန်း (၄၀)အထိ ပေးချေပြီး ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရော်နယ်ဒို၊ ဘေးလ်၊ အစ္စကို တို့နဲ့ တွဲဖက်ပြီး ရီးရဲလ်မက်ဒရစ်အတွက် (၁၆)ပွဲ ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။
ပွဲထွက်ခွင့်နည်းပါးခဲ့တဲ့ ဗက်ကွက်စ်အတွက် ရီးရဲလ်နည်းပြသစ်အဖြစ် လော့ပ်တယ်ဂီ ရောက်ရှိလာအပြီးမှ အခွင့်အရေးရရှိဖို့ အခြေအနေကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချက်ကပဲ အာဆင်နယ်အနေနဲ့ ဗက်ကွက်စ်ကို ခေါ်ယူမှုမှာ အဓိကအဟန့်အတား ဖြစ်လာဖွယ်လည်း ရှိနေပါတယ်။ အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
၂၀၀၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့တဲ့ ဗက်ကွက်စ်ဟာ ၂၀၁၅ ခုနှစ်မှာမှ အသင်းကြီးအတွက် စတင်ပါဝင်ခွင့် ရရှိခဲ့ပြီး စုစုပေါင်း (၁၃၆)ပွဲ ကစားခဲ့ပြီး ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ ဗက်ကွက်စ်ဟာ အသင်းနဲ့အတူ လာလီဂါဖလား (၁)လုံး၊ ချန်ပီယံလိဂ်ဖလား (၃)လုံး
ရရှိခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စပိန်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး (၂)ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
အူနိုင်းအမ်မရီရဲ့ အာဆင်နယ်ပြုပြင်ပြောင်းလဲရေး စီမံကိန်းမှာ ဗက်ကွက်စ်အနေနဲ့ (၆)ဦးမြောက် အသစ်ထပ်မံ ရောက်ရှိလာမယ့် ကစားသမားဖြစ်လာမှာလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။ ဗက်ကွက်စ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် ရရှိလိုနေပြီး ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရှိနေဦးမယ်ဆိုရင် အသင်းပြောင်းရွှေ့နိုင်တယ်လို့လည်း သိရပါတယ်။