ကျော်ထက်အောင်ဟာ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့အတူ ပထမအကြိမ် အနုပညာအလုပ်တွေ အတူတူလုပ်ရမယ့်အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ လက်ရှိမှာလည်း ‘’တိမ်တွေပေါ်က ပန်း’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကျော်ထက်အောင်က ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုရီးယားအနုပညာရှင်တွေနဲ့ တွဲရိုက်ရမယ့် သူ့ရဲ့ ခံစားချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။
‘’ကျွန်တော်ကတော့ သြဂုတ်ရောက်မှ ချင်းပြည်နယ်က ရိုက်ကွင်းမှာ ပါမှာပါ။ ကိုရီးယားတွေနဲ့ တွဲပြီး သရုပ်ဆောင်ရတာတော့ ပျော်ဖို့ကောင်းပါတယ်။ သူတို့နဲ့ ကိုယ်တွေနဲ့က ဘာသာစကားလေးပြောရတာလေးတွေ မတူပေမယ့် ရိုက်ကွင်းပေါ်ရောက်မှ ဘယ်လိုရှိမယ်ဆိုတာကို သိရမှာလေ’’ လို့ ဆိုပါတယ်။
ကျော်ထက်အောင်က ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့အတူ ပထမဆုံးအကြိမ် အနုပညာအလုပ် လုပ်ရမှာဖြစ်တာကြောင့် ပညာယူရမယ့် အရာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
‘’ ဦးမောင်နဲ့က ဇာတ်ညွှန်းကိုကြည့်ပြီး စ လေ့ကျင့်ကတည်းကိုက ဦးမောင်ရဲ့ စိတ်ကို သိပြီးသားပေါ့နော်။ ဘယ်လောက်တောင် ပညာယူလို့ရဦးမလဲဆိုတာကို မျှော်လင့်ထားပါတယ်။ ကိုယ့်ရဲ့ Level နောက်တစ်ခုကို တက်ဖို့ ပိုပြီးတော့ ရင်ခုန်နေတယ်’’ ဆိုပြီးတော့ မေလ ၃၀ ရက်နေ့က ‘’တိမ်တွေပေါ်က ပန်း’’ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’တိမ်တွေပေါ်က ပန်း’’ ဇာတ်ကားနဲ့ ပတ်သက်ပြီး လက်ခံထားတဲ့ ဇာတ်ရုပ်အပေါ်မှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ကျော်ထက်အောင်က ပြောပါတယ်။ ဒီကာရိုက်တာကိုလည်း တန်ဖိုးထားတယ်လို့ ဆိုပါတယ်။
‘’ ဇာတ်လမ်းကိုလည်း ဘယ်လိုပဲ သတ်မှတ်ကြပါစေ။ ကျွန်တော့်ရဲ့ ရထားတဲ့နေရာ၊ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော် တန်ဖိုးထားတယ်။ တန်ဖိုးရှိတယ်လို့လည်း ယူဆပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်နဲ့ ကစ်နဲ့က မိဘမဲ့လေးတွေပါ။ ကစ်ကို ညီမလေးတစ်ယောက်လို ချစ်နေရတဲ့အချိန်မှာ ရေမြေခြားက လူတစ်ယောက်က လာပြီး ချစ်တယ်ဆိုတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အချစ်တွေက ပြောင်းသွားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။