လူရွှင်တော် ဝက်မတစ်ယောက် ဦးနှောက်သွေးကြောပေါက်လို့ ဆေးရုံတင်ထားရတယ်လို့ လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။ ဝက်မရဲ့ ကျန်းမာရေး အခြေအနေကိုလည်းထပ်မံပြောပြထားပါသေးတယ်။
Photo: Kaung Kyaw
ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ အမောပြေစေခဲ့တဲ့ လူရွှင်တော် ဝက်မကတော့ ဦးနှောက်သွေးကြောပေါက်တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ လူရွှင်တော် ဝက်မရဲ့ ကျန်းမာရေးအခြေအနေကိုတော့ လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှူးဖြစ်သူ ဦးကောင်းကျော်က Duwun Media ကို အခုလို ပြောပြခဲ့ပါတယ်။
‘’ဦးကတော့ ဆေးရုံကို မရောက်သေးဘူး။ အကြမ်းဖျင်းသိရသလောက်ကတော့ မနေ့က(စက်တင်ဘာလ ၆)ရက်နေ့ မနက်ပိုင်းလောက်က ဆေးရုံတင်ရတယ်။ အဲဒီမှာ ဓာတ်မှန်ရိုက်ပြီးတော့ ဆေးစစ်ချက်အဖြေကို စောင့်နေတာပေါ့နော်။ ဒီနေ့(စက်တင်ဘာလ ၇) ရက်နေ့မှာ အဖြေထွက်လာ တာကတော့ ဦးနှောက်သွေးကြောပေါက်တာ။ အခုက SSC ဆေးရုံမှာ ဆေးရုံတင်နေရတာပါ’’ လို့ သူကဆိုပါတယ်။
Photo: Kaung Kyaw
လက်ရှိမှာတော့ လူရွှင်တော်ဝက်မ ရဲ့ ကျန်းမာရေးအခြေအနေကတော့ ခွဲစိတ်မှု ပြုလုပ်မလား၊ မပြုလုပ်ဘူးလားဆိုတာတော့ မသိရသေးဘူးလို့ ကောင်းကျော်က ပြောပါတယ်။
‘’ ခွဲစိတ်ဖို့ကတော့ ဆရာဝန်တွေပြောတာက ဦးနှောက်သွေးကြောပေါက်တဲ့နေရာက အပေါက်သေးတယ်လို့ ပြောတယ်။ အဲဒီအတွက် ခွဲစိတ်မလား၊ ဆေးနဲ့ပဲ ကုမလားဆိုတာကို ဆရာဝန်တွေ တိုင်ပင်ဦးမယ်ထင်တယ်။ ခွဲစိတ်ဖို့ အဖြေကတော့ မသိသေးပါဘူး။ အတိအကျလည်း ပြောပြလို့မရသေးပါဘူး’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါတယ်။
Photo: Kaung Kyaw
ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်းတွေ့မြင်နေရတာဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။