လက်ပတ်တစ်ခုသုံးပြီး screen နဲ့keyboard တွေ လက်နဲ့ထိစရာမလိုဘဲ စမတ်ဖုုန်းနဲ့ကွန်ပျူတာတွေကို အသုံးပြုနိုင်မယ့် နည်းပညာကို Facebook ဟာ ဝယ်ယူလိုက်တယ်လို့ဆိုပါတယ်။
Facebook ဝယ်ယူလိုက်တဲ့ CTRL-Labs ဟာ ဦးနှောက်က ထုတ်လွှင့်တဲ့ လျှပ်စစ်အချက်ပြမှုတွေကို ကွန်ပျူတာအသွင်းစနစ်အဖြစ် ပြောင်းနိုင်တဲ့ wristband တစ်ခု ထုတ်လုပ်ထားတာပါ။ CNBC သတင်းရဲ့ ဖော်ပြချက်အရ Facebook ဟာ CTRL-labs ကို ဒေါ်လာ ၁ ဘီလျံ ဝန်းကျင်ဈေးနဲ့ဝယ်ခဲ့တယ်လို့ဆိုပါတယ်။
Photo: telegraph
တကယ်လို့ဒီသတင်းမှန်ခဲ့မယ်ဆိုရင် ဒေါ်လာ ၂ ဘီလျံပေးပြီး VR headset ကုမ္ပဏီ Oculus VR ကို ဝယ်ခဲ့တဲ့ ၂၀၁၄ နောက်ပိုင်း တန်ဖိုးအမြင့်ဆုံး ဝယ်ယူမှု ဖြစ်လာမှာပါ။ Facebook ဘက်ကတော့ CTRL-Labs ကို ငွေဘယ်လောက် အသုံးပြုပြီး ဝယ်ယူခဲ့တယ်ဆိုတာကို ပြောကြားခြင်း မရှိသေးပါဘူး။
နယူးယော့ခ် အခြေစိုက် CTRL-Labs ကနေ တီထွင်ကြံဆနေတဲ့ waistband ထုတ်ကုန်ဟာ Facebook ရဲ့ အနာဂါတ် ဆက်သွယ်မှုပုံစံသစ်အတွက် အသုံးတည့်မယ့် နည်းပညာ ဖြစ်လာဖို့ရှိပါတယ်။ Facebook ဟာ ၂၀၁၇ ခုနှစ်ကတည်းက လက်နဲ့စာရိုက်စရာမလိုဘဲ ဦးနှောက်က စေခိုင်းမှုအတိုင်း မက်ဆေ့ပေးပို့နိုင်မယ့် Computer-Brain Interface နည်းပညာ တီထွင်နေတာပါ။
Photo: Tech Crunch
" ကျွန်တော်တို့ရဲ့ နည်းပညာကို လိုသလို ခိုင်းစေနိုင်ဖို့အချိန်အများကြီး ပေးပြီး ကြိုးစားနေပါတယ်။ ထုတ်ကုန်တွေနဲ့နည်းပညာအကြား အပြန်အလှန်ထိတွေ့ဆက်သွယ်နိုင်ဖို့ပိုပြီး သဘာဝကျတဲ့ နည်းလမ်းတွေ ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့သိကြပါတယ်။" လို့Facebook ရဲ့ AR နဲ့VR ပိုင်း ဒုဥက္ကဌ အန်ဒရူး ဘော့စ်ဝေါ့က ဆိုပါတယ်။
CTRL-Labs ကို Internet Explorer ဖန်တီးခဲ့သူနဲ့အာရုံကြောသိပ္ပံပညာရှင် သောမတ်စ်ရီယားဒန်က ပူးတွဲ တည်ထောင်ခဲ့တာပါ။ ဒီ startup အနေနဲ့Facebook Reality Labs အဖွဲ့နဲ့ပူးပေါင်းပြီး Consumer Products များ ထုတ်လုပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။