သီရိလင်္ကာမှာ ပုဂ္ဂလိကပိုင် ဘတ်စ်ကားအစီးရေ ၂၀,၀၀၀ ပြေးဆွဲနေပါတယ်။

သီရိလင်္ကာ ဘတ်စ်ကားတွေပေါ်မှာ အသံကျယ်လောင်စွာဖြင့် တေးသီချင်းများဖွင့်ခြင်းမပြုဘဲ အသံတိုးပြီးဖွင့်ရန် ညွှန်ကြားချက်အား နှစ်ပတ်အတွင်း လိုက်နာဆောင်ရွက်ကြရန် အစိုးရက ယမန်နေ့ (ဇန်နဝါရီ ၂ ရက်) မှာ ပြောကြားလိုက်ပါတယ်။

(Photo: Ishara S Kodikara/AFP)

လာမယ့် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး ဘတ်စ်ကားပေါ်မှာ တေးသီချင်းသံများ ကျယ်လောင်မှုကို လျှော့ချရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ထိုညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ဘတ်စ်ကားလိုင်းကို ဥပဒေအရ အရေးယူသွားမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Dharma Wanninayake က ပြောပါတယ်။



သီရိလင်္ကာမှာ ပုဂ္ဂလိကပိုင် ဘတ်စ်ကားအစီးရေ ၂၀,၀၀၀ ပြေးဆွဲနေပြီး ကားတွေပေါ်မှာ ကုန်ကျစရိတ်နည်းနည်းဖြင့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများမှ စင်ဟာလာ၊ တမီလ်နဲ့ ဟိန္ဒူသီချင်းတွေကို အသံကျယ်လောင်စွာ ဖွင့်ထားလေ့ရှိပါတယ်။ ခရီးဝေးသွားတဲ့ ဘတ်စ်ကားတွေဟာလည်း ဂီတဗီဒီယိုတွေကို အသံကျယ်လောင်စွာဖြင့် ထပ်ခါတလဲလဲ ဖွင့်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။

(Photo: AFP)
သီရိလင်္ကာဘတ်စ်ကားတွေဟာ တေးသီချင်းများ ဆူညံကျယ်လောင်စွာဖွင့်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားကာ ခရီးသွားပြည်သူတွေထံမှ တိုင်ကြားမှုတွေ ရှိလာခဲ့ပြီးနောက် အစိုးရက တေးသီချင်းတွေကို အသံတိုးဖွင့်ကြရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ခရီးသွားများထံမှာ တိုင်ကြားမှုတွေ မကြာခဏ ရှိလာခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Dharma Wanninayake က ပြောပါတယ်။

(Photo: Reuters)

ဆိုရှယ်မီဒီယာမှာလည်း သီရိလင်္ကာ ခရီးသွားပြည်သူ အများအပြားက ဘတ်စ်ကားတွေပေါ်မှာ သီချင်းဖွင့်ခြင်းကို လုံးဝ ပိတ်ပင်တားမြစ်ရန် တောင်းဆိုထားခဲ့ကြပါတယ်။ ပုဂ္ဂလိကဘတ်စ်ကားလိုင်း ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ National Transport Commission (NTC) ကလည်း စင်ဟာ၊ တမီလ်နဲ့ ဟိန္ဒူသီချင်း အပုဒ်ရေ ၁,၀၀၀ ပါဝင်တဲ့ playlist တစ်ခုကို ဘတ်စ်ကားတွေပေါ်မှာ သင့်တင်တဲ့ အသံအကျယ်ဖြင့် ဖွင့်နိုင်ရန် အခမဲ့ပေးခဲ့ပါတယ်။ သို့သော် မဖြစ်မနေ ဖွင့်ရမယ်လို့ ညွှန်ကြားထားခြင်း မရှိကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က