လူဦးရေ ထောင်နဲ့ချီ စုပြုံတိုးဝှေ့ရာမှ လဲကျမှုတွေဖြစ်ပြီး အမျိုးသမီးသုံးဦ အနင်းခံရကာ သေဆုံးခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှာ ငွေပေးဝေစဥ် လူဦးရေ ထောင်နဲ့ချီ စုပြုံတိုးဝှေ့ရာမှ လဲကျမှုတွေဖြစ်ပြီး အမျိုးသမီးသုံးဦ အနင်းခံရကာ သေဆုံးခဲ့ပါတယ်။

(Photo: AFP)

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သီရိလင်္ကာရူပီးငွေ ၁,၅၀၀ (မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်) ကို မေ ၂၁ ရက်နေ့က ကိုလံဘိုမြို့မှာ ပေးဝေခဲ့ပါတယ်။ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ရဲ့ ဂိုဒေါင်အပြင်ဘက်မှာ ငွေပေးဝေမှုရရှိနိုင်ရန် လူဦးရေ ၁,၀၀၀ ကျော်က စုပြုံတန်းစီခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်က ယခု သီတင်းပတ်အတွင်း မွတ်စလင်မ်ဥပုသ်လပြီးဆုံးမယ့် အီးဒ်နေ့အတွက် ငွေပေးဝေခဲ့တာဖြစ်ကြောင်း ဒေသခံ လွှတ်တော်အမတ် Mujibur Rahman က ပြောပါတယ်။



ပေးဝေခဲ့တဲ့ ငွေပမာဏဟာ သီရိလင်္ကာမှာ နေ့စား အလုပ်ကြမ်းသမားတစ်ဦးရဲ့ တစ်နေ့တာ လုပ်အားခနဲ့ညီမျှတယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ရဲ့ ဂိုဒေါင်တံခါးဖွင်လိုက်ချိန်မှာ တန်းစီးနေတဲ့ လူအုပ်စုက စုပြုံတိုးဝှေ့မှုတွေ ဖြစ်လာခဲ့ကြောင်း Mujibur Rahman က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Getty Images)

"တန်းစီးနေရာကနေ အနောက်က စုပြုံတိုးဝှေ့ကြတော့ လူတန်းရဲ့ရှေ့ဆုံးနေရာမှာ ရောက်နေခဲ့တဲ့ အမျိုးသမီးတွေ လဲကျသွားပြီး သေတဲ့အထိ အနင်းခံခဲ့ကြရပါတယ်" လို့ လွှတ်တော်အမတ် Mujibur Rahman က ဖြစ်စဥ်ကို ရှင်းပြပါတယ်။ လူအုပ်လဲပြိုမှုအတွင်း အခြား ကိုးဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

ယခုကဲ့သို့ ငွေပေးဝေမှုကို ဆယ်စုနှစ်များကြာ နှစ်စဥ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ပုံမှန်ထက် ပိုမိုများပြားတဲ့ လူအုပ်စုဖြစ်ပေါ်ခဲ့တယ်လို့ လွှတ်တော်အမတ်က ဆိုပါတယ်။ "မတ် ၂၀ ရက်နေ့ကစပြီး lockdown လုပ်ထားတာကြောင့် လူတွေက ဝင်ငွေမရှိကြတာ နှစ်လကြာပြီ၊ လူတွေက ကြံရာမရဖြစ်နေကြတယ်၊ ဒီနေ့ ငွေပေးဝေမယ့်သတင်းကြားချိန်မှာ လူတစ်ထောင်ကျော်လောက် ရောက်လာခဲ့ကြတယ်" လို့ Mujibur Rahman က ပြောပါတယ်။

(Photo: Dinuka Liyanawatte/Reuters)

သီရိလင်္ကာမှာ COVID-19 ကပ်ရောဂါထိန်းချုပ်ရေး lockdown ကာလအတွင်း စီးပွားရေးထိခိုက်မှုတွေ တွေ့ကြုံနေရပြီး အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေအခက်အခဲ ကြုံနေရပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်နဲ့ ၎င်းရဲ့ လက်ထောက်ငါးဦးကို lockdown စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကိုလံဘိုရဲတပ်ဖွဲ့ အကြီးအကဲ Deshabandu Tennakoon က သတင်းထောက်တွေကို ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အမည်နဲ့ အချက်အလက်တွေကိုတော့ အာဏာပိုင်တွေ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

(Photo: EPA-EFE)

သီရိလင်္ကာမှာ အစိုးရက ယခုလအတွင်း ဆင်းရဲတဲ့မိသားစု ၅.၁၄ သန်းကို ရူပီး ၅,၀၀၀ (မြန်မာကျပ်ငွေ ၃၇,၀၀၀ ကျော်) ထောက်ပံ့ငွေပေးခဲ့ရာမှာည်း ကျေးရွာတွေမှာ အလားတူ ဝရုန်းသုန်းကား ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာရဲ့ အခြား နေရာတွေမှာ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ ရုပ်သိမ်းခဲ့ပြီးဖြစ်ပေမဲ့ ကိုလံဘိုမြို့တော်နဲ့ အနီပတ်ဝန်းကျင် ခရိုင်တွေကို lockdown လုပ်ထားဆဲဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ယနေ့ (မေ ၂၂ ရက်) မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၁,၀၄၅ ဦး၊ သေဆုံးသူ ၉ ဦးနဲ့ ပြန်လည်သက်သာသူ ၆၀၄ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က