သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်အရှေ့ဘက် ၂၅ မိုင်နီးပါးအကွာရှိ မြို့တစ်မြို့မှာ ပေါက်ကွဲမှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(သမ္မတအိမ်တော်အနီး တွေ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး) (Photo: Reuters)
ပူဂိုဒါမြို့ငယ်ရှိ အောက်ခြေအဆင့်တရားရုံး အနောက်ဘက် မြေကွက်လပ်မှာ ပေါက်ကွဲမှုတစ်ခု ယနေ့ (ဧပြီ ၂၅ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောခွင့်ရအမျိုးသား Ruwan Gunasekera က ပြောပါတယ်။
"တရားရုံးနောက်ဘက် မြေကွက်လပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်၊ ဒါကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်" လို့ ၎င်းက ပြောပါတယ်။ ယခု ပေါက်ကွဲမှုဟာ လတ်တလော ရက်များအတွင်း လုပ်ဆောင်နေတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေတွေ့ရှိပြီး ထိန်းချုပ်ဖောက်ခွဲမှုမျိုး မဟုတ်ကြောင်းလည်း Ruwan Gunasekera က ဖြည့်စွက်ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းမြင်ကွင်း) (Photo: AP)
သီရိင်္လကာမှာ ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့ (Easter Sunday) က ကိုလံဘိုမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဇိမ်ခံဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ယနေ့အထိ စာရင်းတွေအရ လူ ၃၅၉ ဦး သေဆုံးပြီး အခြား လူ ၅၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုတွေ လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရက ပြောထားပါတယ်။ သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို့
အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အီစတာဆန်းဒေးနေ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို အမျိုးသမီးတစ်ဦး အပါအဝင် သီရိလင်္ကာနိုင်ငံသား ၉ ဦးက လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ အသေခံဗုံးခွဲခဲ့သူတွေဟာ ပညာတတ်တွေဖြစ်ကြပြီး ချမ်းသာတဲ့အသိုင်းအဝိုင်းနဲ့ အလယ်အလတ်တန်းစား အသိုင်းအဝိုင်းမှ ဖြစ်ပါတယ်။ ၎င်းတို့အနက် တစ်ဦးကတော့ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံတွေမှာပင် ပညာသင်ကြားခဲ့သူလို့ဆိုပါတယ်။
အီစတာဆန်းဒေးနေ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး သီရိလင်္ကာရဲတပ်ဖွဲ့က လူ ၆၀ နီးပါးကို ဖမ်းဆီးထားကြောင်းလည်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် သီရိလင်္ကာမှာ ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့ (ဧပြီ ၂၂ ရက်) မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ်မြင်ကွင်း) (Photo: AP)
ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သတင်းအမှားများ ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ဆိုရှယ်မီဒီယာ အသုံးပြုမှုကိုလည်း သီရိလင်္ကာမှာ ပိတ်ပင်ထားခဲ့ပါတယ်။ အီစတာဆန်းဒေးနေ့ ဗုံးပေါက်ကွဲမှုတွေအပြီးမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးမှုရှိခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီး ထောက်လှမ်းရေးပိုင်း အားနည်းချက်တွေရှိခဲ့ကြောင်း သီရိလင်္ကာအစိုးရက ဝန်ခံခဲ့ပါတယ်။