မတ်လ ၃၀ ရက် ည ၁၂ နာရီကစပြီး ပြည်ပကလာတဲ့ ခရီးသည်တင်လေကြောင်းအားလုံးကို ဝင်ခွင့်ပိတ်သိမ်းလိုက်ပြီး ကုန်တင်လေယာဉ်တွေနဲ့ ဆေးဝါးပစ္စည်းထောက်ပံ့တဲ့ လေယာဉ်တွေကိုတော့ လက်ခံမှာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက Duwun ကိုပြောပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေကိုတော့ ပုံမှန်အတိုင်း အဝင်ခံမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။
“ပြည်တွင်းလေကြောင်းလိုင်းက ပုံမှန်အတိုင်း အဝင်အထွက်ရှိနေတယ်။ ပြည်ပကလာတဲ့ လေကြောင်းတွေထဲက ခရီးသည်တင်လေယာဉ်ကိုပဲ ပိတ်တာ။ ကုန်ပစ္စည်းယာဉ်တွေနဲ့ဆေးဝါးထောက်ပံ့တဲ့ လေယာဉ်တွေကို လက်ခံသွားမှာပါ။” လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက Duwun ကိုပြောပါတယ်။
မတ်လ ၃၀ ရက် ည ၁၂ နာရီကနေ ဧပြီလ ၁၃ ရက်နေ့အထိ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ခရီးသည်တင် လေယာဉ်အားလုံးကို ဝင်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ သံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့၊ လေယာဉ်မှူး၊ သင်္ဘောအရာရှိတွေ၊ တာဝန်ရှိ အမှုထမ်းက လွဲပြီး အခြားနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းလိုက်ပြီလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာထားပါတယ်။
အဆိုပါ အမှုထမ်းတွေအနေနဲ့ မြန်မာနိုင်ငံကို မလာရောက်မီမှာ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသဖို့ လိုအပ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း Home Quarantine လုပ်သွားရမယ်လို့ ဆိုပါတယ်။
လက်ရှိ လေဆိပ်တွေကတစ်ဆင့် ဝင်ရောက်လာသူမှန်သမျှကို နေအိမ်မှာ ဖြစ်စေ၊ သီးသန့်ပြင်ဆင်ထားတဲ့နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းတွေ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 Positive လူနာ (၈) ဦးရှိပြီး (၇) ဦးမှာ ပြည်ပက ဝင်ရောက်လာသူတွေဖြစ်ပြီး (၁) ဦးမှာတော့ ပြည်တွင်းမှာပဲကူးစက်ခံရသူဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Share