အစိုးရတာဝန်ရှိသူတွေကို လူလိမ်များလို့ အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။

ယူကရိန်းခရီးသည်တင်လေယာဥ်ကို ပစ်ချခဲ့မှုနဲ့ ကနဦးမှာ ပစ်ချခဲ့ကြောင်း ဝန်မခံဘဲ ငြင်းဆိုခဲ့မှုအပေါ် အီရန်မြို့တော် တီဟီရန်မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

(Photo: Anadolu Agency via Getty Images)

ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) က ယူကရိန်းလေယာဥ်ကို ပစ်ချခဲ့ပြီး ဝန်ခံခြင်းမပြုဘဲ ငြင်းဆိုခဲ့တဲ့မှုအပေါ် ရာနဲ့ချီတဲ့ အီရန်ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အစိုးရတာဝန်ရှိသူတွေကို လူလိမ်များလို့ အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက တီဟီရန်မြို့ရှိ တက္ကသိုလ်နှစ်ခုရဲ့ အပြင်ဘက်မှာ စုရုံးဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ယူကရိန်းလေယာဥ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီနဲ့ အခြား ထိပ်တန်းခေါင်းဆောင်တွေကို နုတ်ထွက်ရန် အော်ဟစ်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။



(Photo: Anadolu Agency via Getty Images)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဆန္ဒပြသူတွေနဲ့အတူ ရပ်တည်နေကြောင်း၊ ဆန္ဒပြမှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဆန္ဒပြသူတွေရဲ့ သတ္တိရှိရဲရင့်မှုက စိတ်ထက်သန်မှုဖြစ်စေကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ လက်ရှိ အီရန်ပြည်သူရဲ့ ဆန္ဒပြနေမှုများနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအုပ်စုတွေကို စောင့်ကြည့်ခွင့်နဲ့ အချက်အလက် ရယူနိုင်ခွင့်ပြုရမယ်လို့ ထရန့်က ဆိုပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို နောက်ထပ် အစုအပြုံလိုက်သတ်ဖြတ်တာ ဒါမှမဟုတ် အင်တာနက်ပိတ်ပင်တာတွေ မလုပ်ဆောင်ရန်နဲ့ ကမ္ဘာက စောင့်ကြည့်နေကြောင်းလည်း အမေရိကန်သမ္မတထရန့်က လတ်တလော အီရန်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး Twitter မှာ ရေးသားထားပါတယ်။ အီရန်နိုင်ငံ တီဟီရန်မြို့အနီး ဇန်နဝါရီ ၈ ရက်နေ့က ယူကရိန်းခရီးသည်တင်လေယာဥ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လိုက်ပါသွားသူ ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦးလုံး သေဆုံးခဲ့ပါတယ်။

(Photo: Anadolu Agency via Getty Images)

တီဟီရန်မြို့မှ ကိဗ်မြို့သို့ ပျံသန်းတဲ့ ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Ukraine International Airlines) မှ ခရီးစဥ်အမှတ် PS752 လေယာဥ်ဟာ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခံရပြီး ပျက်ကျခဲ့တာဖြစ်ကြောင်း အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး ပြောခဲ့ပါတယ်။

သို့သော် အီရန်အစိုးရက အစောပိုင်းမှာ ထိုပြောဆိုမှုကို အခိုင်အမာ ငြင်းဆိုထားခဲ့ပါတယ်။ ယမန်နေ့မှာတော့ ယူကရိန်းခရီးသည်တင်လေယာဥ်ကို မရည်ရွယ်ဘဲ မှားယွင်းပစ်ချခဲ့မိကြောင်း အီရန်အစိုးရက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ထိုသို့ ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက်ပိုင်းမှာ အီရန်မြို့တော် တီဟီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

(Photo: AP)

Boeing 737-800 အမျိုးအစား ယူကရိန်းခရီးသည်တင်လေယာဥ် ဒုံးကျည်ဖြင့် ပစ်ချခံရမှုအတွင်း သေဆုံးခဲ့သူတွေအနက် အီရန်လူမျိုးများ အများဆုံးပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် အီရန် ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဥ်အမှုထမ်း အားလုံးအပါအဝင် ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် လေးဦး၊ ဗြိတိန်သုံးဦးနဲ့ ဂျာမန်သုံးဦး ပါဝင်ကြောင်းလည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က