ဆီဖိုးအကြွေးငွေ ပေးရန်ကျန်ရှိတယ်ဆိုတဲ့ ကြေညာချက်ဟာ တစ်ဖက်သက်သာဖြစ်ပြီး Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်အနေနဲ့ အဆိုပါ ဆီဆိုင်ကုမ္ပဏီက မည်သူတစ်ဦးတစ်ယောက်နဲ့မှ တွေ့ဆုံဖူးခြင်းမရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီဇယ်တွေကို ဝယ်ယူအသုံးပြုခဲ့ရာမှာ ဆီဖိုးငွေ သိန်း (၇၀၀) ကျော်လောက် အကြွေးကျန်ရှိနေပြီး သတ်မှတ်ရက်အတွင်းမပေးချေပါက တရားစွဲသွားမယ်လို့ Petro & Trans Group ကုမ္ပဏီက နိုင်ငံပိုင်သတင်းစာကတဆင့် ကြေညာခဲ့တာပါ။
Yangon Water Bus ပြေးဆွဲသူ Tint Tint Myanmar ကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့်လွင်အနေနဲ့ အဆိုပါ ဆီဆိုင်ကုမ္ပဏီမှ မည်သူနဲ့မှ တွေ့ဆုံဖူးခြင်းမရှိခဲ့တဲ့အပြင် မည်သူမည်ဝါမှ ဝယ်ယူခဲ့တယ်ဆိုတဲ့ ဘောက်ချာရှင်းတန်း ပြသခြင်းမရှိဘဲ Tint Tint Myanmar စာရင်းကိုင်များ၊ Company Lawyer တွေလက်ခံနိုင်တဲ့ ငွေတောင်းခံလွှာသက်သေတွေ မပါဘဲ အခုလို ကြေညာခြင်းကို တရားဥပဒေအရ ဆက်လက်ရှင်းလင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Yangon Water Bus မှ ဝန်ထမ်းဟောင်း ဒါမှမဟုတ် အရင်တာဝန်ခံသူတွေက လုပ်ပိုင်ခွင့်အလွဲသုံးစားပြုလုပ်ခြင်းကို စစ်ဆေးပြီး မှန်ကန်ပါက ချက်ခြင်းတာဝန်ယူပေးအပ်မှာဖြစ်ပြီး အဆိုပါတာဝန်ခံကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
Tint Tint Myanmar ကလည်း ဝန်ထမ်း သို့မဟုတ် တာဝန်ခံသူတွေကို အဲဒီငွေပမာဏအား အကြွေးဝယ်ယူခွင့် လုပ်ပိုင်ခွင့်တွေ ပေးအပ်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မဟုတ်မမှန်သတင်းတွေ တစ်ဖက်သက် ရေးသားဖြန့်ဝေခြင်းတွေ၊ နိုင်ငံတော်အကြီးအကဲပုံတွေ ထည့်သွင်းအသုံးပြုပြီး လူမှုကွန်ယက်မှာ တင်ခြင်းတွေက ကုမ္ပဏီ အကျိုးစီးပွား ဂုဏ်သိက္ခာ ကျဆင်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ Yangon Water Bus ကကြေညာခဲ့ပါတယ်။
Petro & Trans ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာတော့ ၂၀၁၈ ခုနှစ်ကတည်းက ဝယ်ယူအသုံးပြုထားတဲ့ ဆီကြွေးတွေဖြစ်ပြီး ကျန်ရှိတဲ့အကြွေးတွေကို ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပေးဖို့ဖော်ပြထားပါတယ်။
Yangon Water Bus အနေနဲ့ ဒီဇယ်တွေကို ဝယ်ယူခဲ့သောလရဲ့ လကုန်ပြီး (၁၀) ရက်အတွင်းပေးသွင်းပါမယ်ဆိုပြီး ဝယ်ယူခဲ့ရာမှာ အခုချိန်ထိ အကြွေးငွေ ကျပ်သိန်း (၇၀၀) ကျော်ကို မပေးသွင်းသေးဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
Share