အဆိုတော်မနောက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကနေ အဆိုတော်ဘဝကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သီချင်းနဲ့ ချမ်းသာနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။
Photo : မနော
မနောကတော့ အနုပညာအလုပ်က ရတဲ့ငွေကြေးအများစုကို လှူဒါန်းလေ့ ရှိတယ်လို့ ဆိုပါတယ်။ သီချင်းဆိုလို့ ရတဲ့ငွေကြေးတွေဟာ အဖြူစင်ဆုံး ငွေကြေးဖြစ်တာကြောင့် လှူဒါန်းတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော် စီးပွားရေးက ရတဲ့ ပိုက်ဆံကိုလည်း လှူပါတယ်။ဒါပေမယ့် အနုပညာနဲ့ ရတဲ့ ငွေကြေးတွေကို ဦးစားပေး လှူတယ်ဆိုတာ ဖြူစင်တဲ့ ပိုက်ဆံလေးတွေမို့လို့ ကျွန်တော်တို့ တောင်းလို့ ရတဲ့ပိုက်ဆံထက် သူတို့ ပေးလို့ လာတဲ့ ပိုက်ဆံများတယ်။အဲဒီပိုက်ဆံတွေကို လှူတယ်။အကုန်လုံးတော့မဟုတ်ဘူး။ ရတဲ့ငွေလေးတွေကို သီချင်းလည်း ပြန်လုပ်တယ်။ပရိသတ်တွေအတွက် ပြည်သူတွေအတွက်ရယ် ပညာပေးလေးတွေ ကျွန်တော့်မှာ လုပ်စရာရှိရင်လုပ်ပေးတယ်။ပြန်ကျေးဇူးဆပ်တာပေ့ါနော်” လို့ မနောက ဆိုပါတယ်။
Photo : မနော
သူ့ရဲ့ ဘဝဟာ သီချင်းကြောင့် ချမ်းသာခဲ့တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ အရင်ကတည်းက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ သူဟာ အနုပညာကို ဝါသနာပါလို့ အဆိုတော်လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“သီချင်းနဲ့ ပတ်သက်ပြီး ချမ်းသာတယ်လို့တော့ ပြောလို့မရပါဘူး။ ကျွန်တော်က အရင်ကတည်းက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပါ။ ကျွန်တော့်မှာ အရောင်းပြခန်းလေးခုရှိပါတယ်။ကြွားတာမဟုတ်ပါဘူးနော်။ပြောပြတာပါ။ကျွန်တော်ကားဘော်ဒီဆရာဘဝကနေ ကားဝယ်ရောင်းတွေ လုပ်တယ်။အဲဒီကနေ ညအားလပ်ချိန်တွေမှာ သီချင်းလေးတွေ လုပ်ပြီး အိမ်မသိအောင် အခွေခိုးထုတ်ခဲ့ရတာပါ။ဝါသနာပါလို့ လုပ်ရင်းနဲ့ ဒီဘဝရောက်ခဲ့တာပါ။ ဒီသီချင်းနဲ့ ဝင်တဲ့ပိုက်ဆံကို အများဆုံးလှူဖြစ်ပါတယ်” လို့ စက်တင်ဘာ(၁၄) ရက်နေ့က ပြုလုပ်တဲ့ Shwe FM ပွဲမှာ Duwun ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo : မနော
မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။
မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။ တစ်ကိုယ်တော် သီချင်းတွေလည်း ထွက်ရှိထားသူတစ်ဦးပါ။