Photo : sai sai
ဒီနှစ်သင်္ကြန်က စိုင်းစိုင်းအတွက် အပင်ပန်းဆုံးသင်္ကြန်ပါပဲတဲ့။ ရန်ကုန်နဲ့ မန္တလေးကို သွားလိုက် ပြန်လိုက် လုပ်နေရပြီး ရန်ကုန်မဏ္ဍပ်တွေမှာလည်း သီချင်းလိုက်ဆိုခဲ့ပါသေးတယ်။
“အပင်ပန်းဆုံးသင်္ကြန် အကြိုနေ့မနက် လေယာဉ်နဲ့ မန္တလေးကိုဒိုးတယ် မန္တလေးမြို့တော်မဏ္ဍပ်မှာဆိုတယ် မဏ္ဍပ်သိမ်းတဲ့အချိန် နောက်တစ်ခေါက်ထပ်ဆိုတယ် မဏ္ဍပ်ပေါ်မှာရုပ်ရှင်ရုပ်ရှင်ဆက်ရိုက်တယ် အကျနေ့နေ့လည် MAF မှာ surprise လုပ်ပြီး သွားဆိုတယ် အကျနေ့ည မြို့တော်မဏ္ဍပ်မှာ ထပ်ဖျော်ဖြေတယ် ညသန်းခေါင် မဏ္ဍပ်ပိတ်ချိန်မှာ ရုပ်ရှင်ဆက်ရိုက်တယ် အကြတ်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ပြန်လာတယ်အကြတ်နေ့နေ့လည် ပြည်လမ်း Black Jack မှာ ဆိုတယ် ဆိုပြီးတော့ အိမ်မပြန်ဘဲ မဏ္ဍပ်မှာပဲဆက်ကဲတယ် “ ဆိုပြီး ဧပြီ(၁၆)ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။
Photo : sai sai
အဲဒီနောက် အတက်နေ့နေ့လည်ပိုင်းမှာလည်း မြကျွန်းသာမှာ Channel K မဏ္ဍပ်မှာ သီချင်းသွားဆိုဖို့ သွားရာမှာ ကားလမ်းတွေ ပိတ်နေတာကြောင့် တွေ့တဲ့ စက်ဘီးကိုငှားပြီး သွားခဲ့သလို လှေနဲ့လည်း သွားခဲ့ရတယ်လို့ ပြောထားပါတယ်။
“အတက်နေ့နေ့လည် မြကျွန်းသာ Channel K မှာဆိုဖို့သွားတယ် ယာဉ်ကြောထဲမှာ တစ်နာရီကျော်ပိတ်မိနေတော့ အချိန်မမှီတော့ဘူး ဒါနဲ့ တွေ့တဲ့စက်ဘီးငှားပြီး လူရှင်းတဲ့နေရာမှာစီး လူတွေများရင်ဆင်းတွန်း ( ကျနော့်ကိုချစ်ကြတော့ လူတိုင်းက ဝိုင်းပြီးကူညီကြတယ် / ကန်ဘောင်ပေါ်သွားလိုက်တဲ့အချိန်မှာ ပီတိအကြီးကြီးရတယ် / အားလုံးရဲ့ ချစ်ခြင်းကို ခံစားရလို့ ) မြကျွန်းသာထိပ်ရောက်တော့ လှေနဲ့ဆက်သွားပြီးတော့ ဆိုတယ် အပြန်လည်း ထိုနည်း၎င်းပါပဲ ခု အိမ်ရောက်ပြီ ဟူး .... မောတာဗျာ.. ဒါပဲနော် မဏ္ဍပ်သွားလိုက်ဦးမယ် ဟိုမှာ ဘော်ဒါတွေစောင့်နေပြီ” ဆိုပြီး စိုင်းစိုင်းက ဆိုပါတယ်။
Photo : sai sai
အခုလိုမျိုး မဏ္ဍပ်တွေ တစ်ခုပြီးတစ်ခုကို အချိန်မီရောက်ဖို့ အသည်းအသန်သွားနေတာဟာ ပိုက်ဆံရလို့ လိုက်ဆိုနေတာမဟုတ်ပါဘူးလို့ ပြောထားပါသေးတယ်။
“ပိုက်ဆံရလို့ လိုက်ဆိုနေတယ် မထင်ကြပါနဲ့ဦး လက်မှတ်ရောင်းတဲ့ Blackjack ကလွဲလို့ ကျန်တာအားလုံးFree ချည်းပဲ ဆိုချင်လို့လိုက်ဆိုနေတာ Channel K ကတော့ မုန့်ဖိုးပေးမယ်ပြောတယ် အဟေးဟေးဟေး )” လို့ သူက ပြောပါတယ်။
စိုင်းစိုင်းရဲ့ စိတ်ဓာတ်ကိုတော့ ပရိသတ်တွေက လေးစားပြီး လေးစားနေဆဲပါ။ စိုင်းစိုင်းဘာလို့ အခုချိန်ထိ အောင်မြင်မှုတွေ ရရှိနေတာလဲဆိုတာ သူပြောပြထားတဲ့ အချက်တွေက သက်သေပါပဲ။ ဒီနှစ်သင်္ကြန်မှာ စိုင်းစိုင်းဟာ သီချင်းတွေဆိုလိုက် ရုပ်ရှင်ရိုက်လိုက်နဲ့ ဖြတ်သန်းခဲ့ရတာပါ။ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ “ပိတောက်ကတဲ့ဂီတ” မှာ စိုင်းစိုင်းဟာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Photo : sai sai
စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share