သရုပ်ဆောင် လွင်မိုးက ညီအစ်ကိုတစ်ယောက်လိုချစ်ရတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်အတွက် ဆုတောင်းစကားတွေပြောပြခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားက မေ့လို့ မရတဲ့အမှတ်တရတွေကိုလည်း သူက ရင်ဖွင့်ပြောလာပါသေးတယ်။
ရုတ်ရက် ကွယ်လွန်သွားခဲ့တဲ့ ဦးကင်းကောင်အတွက် ကြေကွဲဝမ်းနည်းမဆုံးဖြစ်ရတဲ့ အနုပညာရှင် တွေထဲကမှ သရုပ်ဆောင်လွင်မိုးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ စိတ်ဓာတ်ကောင်းမွန်လှတဲ့ ဦးကင်းကောင်အတွက် Duwun Media ကနေ ဆုတောင်းစကားပြောပြလာပါတယ်။
‘’သူ့ကို ချစ်တဲ့သူတွေ အရမ်းများပါတယ်။ နယ်မှာဆိုရင်လည်း အဘွားကြီးကနေစပြီး ကလေးလေး အဆုံး သူ့မြင်တာနဲ့ကို ချစ်ကြတာ။ ချစ်စရာကောင်းအောင်လည်း သူနေခဲ့ပါတယ်။ ဖြတ်သန်းရတဲ့ ဘဝတစ်ကွေ့လေးမှာ ကြုံဆုံရတဲ့ အဖြစ်အပျက်လေးပေါ့နော်။ ကိုကင်းကတော့ နောင်ဘဝတွေ၊ နောင်ဘဝတွေတိုင်းမှာလည်း သူဟာ ပင်ကိုဗီဇစိတ်ကလေးနဲ့ ဖြူစင်သူ စ်ဦး ဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်’’ လို့ သူကဆိုပါတယ်။
ဦးကင်းကောင် နဲ့ လွင်မိုးတို့ဟာ ဇာတ်ကားတွေထဲမှာသာမက အပြင်မှာလည်း ညီအစ်ကိုအရင်းလို ချစ်ကြတဲ့ သူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာလည်း မေ့လို့မရတဲ့ အမှတ်တရလေးတွေရှိတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
‘’ကျွန်တော် နိုင်ငံခြားက ပြန်လာတော့ သူ့အတွက် မျက်မှန်လေး ဝယ်လာပေးတယ်။ မျက်မှန်လေးက လူဂီပက်တနီ တဲ့ အီတလီက ထုတ်တာ။ ကျွန်တော်က သူ့ကိုပေးလိုက်တယ်။ အရေးအကြောင်းဆိုသူက အမြဲတမ်း ဟေ့ကောင် မင်းပေးတဲ့ မျက်မှန် ငါ့ကိုမေးတယ်ကွ။ ငါက မသိတော့ ဘာလဲ။ လူဂီပက်တနီ လို့ ကျွန်တော်က ပြောလိုက်တယ်။ ပြီးရင်သူက မေ့သွားပြန်ရော။ အဲ့ဒါမျိုးလေးတွေလည်းရှိတယ်’’ လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က Duwun Media ကို ပြောပြလာတာဖြစ်ပါတယ်။
ဦးကင်း အသက်ရှိနေစဉ်အခါက ဘယ်နေရာမှာပဲ သီချင်းဆိုဆို ‘’ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ’’ သီချင်းကိုတော့ မဆိုမဖြစ် လွင်မိုးနဲ့ အတူတူ သီဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဦးကင်းက ဇနီးဖြစ်သူ အတွက်လည်း မဆိုမဖြစ် သီချင်းလေး တစ်ပုဒ်ကို အမြဲသီဆိုခဲ့တယ်လို့ ဆိုပါတယ်။
‘’ အဲ့ဒီသီချင်းက သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်အတူတူဆိုနေကြသီချင်း။ ကာရာအိုကေမှာဖြစ်စေ၊ ည ဂစ်တာတီးရင် ဖြစ်စေ၊ အဲ့ဒီ သီချင်းက ကိုကင်းနဲ့ ကျွန်တော်နဲ့ တစ်ယောက်တစ်ဝက် ဆိုတဲ့ သီချင်း ကိုကင်းတစ်ယောက်တည်း စင်ပေါ်တက်သွားရင် သူအမြဲတမ်းဆိုနေကြသီချင်းက သူ့အမျိုးသမီးက မအေး ဖြစ်တဲ့အတွက် မအေးရယ် ချစ်လို့ပါကွယ် ဆိုတာ သူအမြဲဆိုနေကြသီချင်း။ ဒါလေးတွေက ဘဝရဲ့ အမှတ်တရလေးတွေပေါ့’’ လို့ ဝမ်းနည်းကြေကွဲစွာနဲ့ပြောပြခဲ့တာပါ။
Photo: လွင်မိုး
လွင်မိုးက လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးတွေကို ဦးဆောင်နေရသူ တစ်ဦးဖြစ်ပါတယ်။ သူနဲ့ ညီအစ်ကိုတစ်ယောက်လို ချစ်ရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့က ပုပ္ပားမှာ ဇာတ်ကားရိုက်ကူးနေရင်း အအေးဒဏ်ကြောင့် ချွဲကြပ် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဦးကင်းရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ ရက်လည်ဆွမ်းကပ် တရားတော်နာယူရင်း ဦးကင်းအတွက် အမျှအတမ်း ပေးဝေသွားမယ်လို့ သိရပါတယ်။