အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း လူ ၇၃ ဦး ပစ်ခတ်ခံရတဲ့ သေနတ်ဖြင့်အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အကူအညီများ ပိုမိုတောင်းခံလာခဲ့ကြောင်း သိရပါတယ်။
Photo: 44 Post
ချီကာဂိုမှာ သီတင်းပတ်ကုန် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုအများစုဟာ လူဆိုးဂိုဏ်းတွေနဲ့ ဆက်နွယ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
"ကျွန်တော်တို့ အရှုံးပေးမှာမဟုတ်ပါဘူး၊ တရားစီရင်ရေးစနစ်ရဲ့ အကူအညီတွေ ကျွန်တော်တို့ ပိုမိုလိုအပ်ပါတယ်၊ ကျွန်တော်တို့ ပြည်ထောင်စုအဆင့် လုပ်ဖောက်ကိုင်ဖက်ဌာနတွေထံကနေ အကူအညီတွေ လိုအပ်နေပြီး အကူအညီတွေ ရနေပါတယ်" လို့ ချီကာဂိုရဲတပ်ဖွဲ့ အကြီးအကဲ ဖရက်ဒ်ဝေါလာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Photo: Chicago Tribune
ချီကာဂို ပစ်ခတ်မှုတွေအနက် အများစုဟာ တနင်္ဂနွေနေ့ (သြဂုတ် ၅ ရက်) မှာ ဖြစ်ပွားခဲ့ပြီး ညသန်းခေါင်းမှ နောက်တစ်နေ့မနက် ၃ နာရီအတွင်း လူ ၄၀ အထိ ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။ ချီကာဂိုမြို့ တောင်ပိုင်းနဲ့အနောက်ပိုင်း နေရာတွေမှာ ပစ်ခတ်မှုများ အဓိက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့စာရင်းတွေက ဖော်ပြထားပါတယ်။
"ဒါက ကျွန်တော်တို့ဆီမှာ အကြမ်းဖက်မှု အဖြစ်အများဆုံး သီတင်းပတ်ကုန်ရက်တွေပါပဲ၊ မေးနေစရာတောင် မလိုပါဘူး" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Photo: Getty Images
ချီကာဂိုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး "ချီကာဂိုမြို့က စစ်ပွဲဇုန်လိုဖြစ်သွားခဲ့တယ်၊ မထိန်းချုပ်နိုင်တော့ဘူး၊ ချီကာဂိုမှာ ကသောင်းကနင်း ဖြစ်ကုန်တယ်" လို့ သင်းအုပ်ဆရာတော်နဲ့ အရေးပေါ်ဌာန ကြီးကြပ်ရေးမှူး ဒိုနိုဗန်ပရိုက်စ်က CBS News ကို ပြောခဲ့ပါတယ်။
ယခုလ အစောပိုင်းမှာ Chicago Tribune သတင်းက ဖော်ပြခဲ့မှုအရ ချီကာဂိုမှာ ၂၀၁၇ ခုနှစ်ကထက် ယခုနှစ်အတွင်း ပစ်ခတ်မှုအကြိမ်ရေ ၅၃၂ ကြိမ် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
Photo: Chicago Tribune
ချီကာဂိုရဲတပ်ဖွဲ့ အကြီးအကဲကလည်း ယခုနှစ်အတွင်း ၂၀၁၇ ခုနှစ်ကထက် ပစ်ခတ်မှုအကြိမ်ရေ ၃၀ ရာခိုင်နှုန်းနဲ့ လူသတ်မှု ၂၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ လူဆိုးဂိုဏ်းဝင်တွေက များပြားတဲ့ လူအုပ်စုတွေကို ရမ်းကားပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချီကာဂိုမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ လူသတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကြားဝင်ဆောင်ရွက်မယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးကြောင်း သိရပါတယ်။