ချီလီနိုင်ငံမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ကုန်ကျစရိတ်များ တိုးမြင့်လာမှုကို အကြမ်းဖက်ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း သေဆုံးသူအရေအတွက် ၁၁ ဦးအထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
(Photo: AFP via Getty Images)
အောက်တိုဘာ ၂၀ ရက် ညပိုင်းက တတိယမြောက်ညအဖြစ် စန်တီယာဂို အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ စန်တီယာဂိုမြို့တော်ရှိ စူပါမတ်ကက်နှစ်ခု မီးရှို့ခံရမှုအတွင်း လူနှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
စန်တီယာဂိုမြို့တော်အနီး အထည်ချုပ်စက်ရုံမီးရှို့ခံရမှုအတွင်း လူငါးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်မှာပင် ဆူပူအုံကြွမှုများအတွင်း နောက်ထပ် လူသုံးဦး သေဆုံးခဲ့ပြီး မည်သို့ သေဆုံးခဲ့ကြောင်းကိုတော့ မသိရသေးကြောင်း BBC သတင်းက ပြောပါတယ်။
(Photo: AFP via Getty Images)
ဆန္ဒပြသူတွေက ရထားတွဲနဲ့ ဘတ်စ်ကားတွေကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ချီလီမှာ ဆူပူဆန္ဒပြမှုတွေနဲ့အတူ လုယက်မှုတွေလည်း ဖြစ်ပွားနေကြောင်း သိရပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် ချီလီသမ္မတ ပင်နီရာက အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်ခများ တိုးမြှင့်သတ်မှတ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။
(Photo: Reuters)
ဆန္ဒပြ ဆူပူအုံကြွမှုတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့ပြီးနောက် ချီလီမှာ အရေးပေါ်အခြေအနေ ကြေညာပြီး ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။ ယခု ဖြစ်ပေါ်နေတဲ့ ဆူပူအုံကြွမှုတွေဟာ ချီလီမှာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးလည်း ဖြစ်တယ်လို့ BBC သတင်းက ပြောပါတယ်။
(Photo: Reuters)
စန်တီယာဂိုမြို့တော်မှာ ၁၉၉၀ ပြည်နှစ်က အာဏာရှင် သြဂတ်စတိုပီနိုချတ်ရဲ့ အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးခဲ့စဉ် စစ်တပ်ဖြန့်ကျက်ချထားခဲ့မှုနောက်ပိုင်းပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ချထားခဲ့ရပါတယ်။ ဆန္ဒပြ ဆူပူအုကြွမှုများအတွင်း နိုင်ငံတစ်ဝှမ်း လူ ၁၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၅၆ ဦးနဲ့ အရပ်သား ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။