၂၀၁၇ မလေးရှားဆီးဂိမ်းတုန်းက ထိုင်း၊ဖိလစ်ပိုင် အပြေးသမားတွေကို ကျော်လွန်ပြီး ၁၀.၃၈ စက္ကန့်နဲ့ မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ပေမယ့် ဒီနှစ် လူရွေးပွဲမှာတော့ ပြုတ်ကျန်ခဲ့တာပါ။
၂၀၁၇ မလေးရှား ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပခဲ့တဲ့ မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ Khairul Hafiz Jantan အနေနဲ့ ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်း ပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့ FMT NEWS သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ မလေးရှား အားကစားသမားများ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ လူရွေးပွဲမှာ စံချိန် ၁၀.၃၇ စက္ကန့်သာရရှိခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် Khairul Hafiz Jantanကတော့ လူရွေးပွဲ ဗိုလ်လုပွဲအဆင့်မှာ ၁၀.၇၁ စက္ကန့်နဲ့ ဒုတိယ နေရာကသာ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တုန်းက ပန်းဝင်ခဲ့တဲ့ ၁၀.၅၉ စက္ကန့်နဲ့သိပ်မကွာခဲ့ပါဘူး။
ဒီစံချိန်တွေက ၂၀၁၆ မလေးရှား ဆာရာဝတ်အားကစားပွဲတော်မှာ တင်ရှိနိုင်ခဲ့တဲ့ ၁၀.၁၈ စံချိန်ထက် များစွာ နောက်ကျနေခဲ့တာပါ။
အခုလို ပြန်လည် လူရွေးမခံရတာကတော့ ၇ လလောက်ဒဏ်ရာကြောင့် အနားယူနေခဲ့ရရာမှ ပြန်လည် လေ့ ကျင့်ခန်းဆင်းပြီး ပြိုင်ခဲ့တာကြောင့် ဖြစ်ပြီး စိတ်ပျက်ဖွယ် အခိုက်အတန့်လို့ Khairul Hafiz Jantanက ပြောခဲ့ ပါတယ်။
“ ကျွန်တော့် အရည်အချင်း မတိုးတက်ရင် နိုင်ငံအတွက် ကိုယ်စားပြုဖို့ မထိုက်တန်ပါဘူး။ ဒဏ်ရာကို ပြန်လည် ကုစားပြီးနောက် ပြိုင်ပွဲက ကြံ့ခိုင်မှု ကွာခြားသွားပါတယ်။ကျွန်တော့်အသက်ငယ်ပါသေးတယ်၊အခုတစ်ကြိမ် ဆီးဂိမ်းလွတ်သွားလည်း နောက်ထပ် ပြိုင်ပွဲများစွာ ဝင်ကစားနိုင်ပါသေးတယ်။” လို့ Khairul Hafiz Jantanက ပြောခဲ့ပါတယ်။
မလေးရှားမှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတုန်းက Khairul Hafiz Jantan အနေနဲ့ ၁၀.၃၈ စက္ကန့်နဲ့ ပထမ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သူပါ။
ဖိလစ်ပိုင်ဆီးဂိမ်းကိုတော့ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၁၁ အထိ ကျင်းပသွားမှာ ဖြစ်ပြီး အပြေး ပြိုင်ပွဲတွေကိုတော့ ဒီဇင်ဘာလ ၆၊၇၊၈၊၉၊၁၀ တွေမှာကျင်းပသွားမယ်လို့သိရပါတယ်။