လူဦးရေ သန်းပေါင်းများစွာအတွက် အားလပ်ရပ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်စရာ အခက်ကြုံကြရပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဖန်ဖုန်း (Typhoon Phanfone) ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) ဖြတ်သန်းတိုက်ခတ်နေရာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတဲ့ နိုင်ငံမှာ လူဦးရေ သန်းနဲ့ချီပြီး အားလပ်ရပ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်စရာ အခက်အခဲ ကြုံကြရပါတယ်။

(Photo: AFP)

ခရစ္စမတ်နေ့မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပိတ်ထားတဲ့ ဆိပ်ကမ်းတွေ သို့မဟုတ် ယာယီခိုလှုံရေးစခန်းတွေမှာ လူဦးရေထောင်နဲ့ချီ သောင်တင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဖန်ဖုန်းမုန်တိုင်းက ဖိလစ်ပိုင်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) မှာ စတင်ဝင်ရောက်ခဲ့ကာ ကျွန်းငယ်တစ်ခုမှ နောက်ထပ်တစ်ခုသို့ ရွေ့လျားသွားခဲ့ပြီး ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။



မုန်တိုင်းကြောင့် နေအိမ်ပျက်စီးမှု၊ သစ်ပင်များလဲကျမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းအရ ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုထားကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေရဲ့ အဆိုအရ ၎င်းတို့ဟာ လည်ပင်းအထိနက်တဲ့ ရေကြီးမှုဖြစ်ပေါ်နေရာ မုန်တိုင်းဒဏ်သင့်နေရာအချို့သို့ မရောက်နိုင်သေးဘူးလို့ သိရပါတယ်။

(Photo: AFP)

ဖန်ဖုန်းမုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် (Super Typhoon Haiyan) ထက် အားလျော့နည်းပေမဲ့ ဖြတ်သန်းရာလမ်းကြောင်း တူညီနေပါတယ်။ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် စူပါတိုင်ဖွန်းဟိုင်ယန်ဟာ လူသေဆုံးမှုအများဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူ ၇,၃၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ဖိလစ်ပိုင်မှာ ခရစ္စမတ်ကာလ ဝင်ရောက်တိုက်ခတ်နေတဲ့ ယခုတိုင်ဖွန်းမုန်တိုင်းကြောင့် လူဦးရေ ၁၆,၀၀၀ ကျော်ကို စာသင်ကျောင်းများ၊ ကိုယ်လက်လေ့ကျင့်ရေးစင်တာများနဲ့ အစိုးရအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

(Map: Weather Underground)

"ကြောက်စရာကောင်းတယ်၊ ပြတင်းပေါက်မှန်တွေ ကွဲကုန်တယ်၊ ကျွန်မတို့ လှေခါးအောက်မှာ ဝင်နေခဲ့ရတယ်" လို့ ဒေသဆိုင်ရာ မိုးလေဝသဌာန ရုံးခန်းမှာ အသက်လေးနှစ်အရွယ် ကလေးငယ်နဲ့အတူ ခိုလှုံခဲ့ရတဲ့ Ailyn Metran အမည်ရှိ အမျိုးသမီးက AFP သတင်းဌာနကို ပြောပါတယ်။

သူမရဲ့ခင်ပွန်းက အဆိုပါရုံးမှာ အလုပ်လုပ်ကိုင်သူလို့ ဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်စဥ် ရုံးအဆောက်အအုံရဲ့ ပြတင်းပေါက်တစ်ခု ပြုတ်ထွက်သွားပြီး အပြင်ဘက် ကားပါကင်နေရာမှာ ကျသွားခဲ့ကြောင်းလည်း Ailyn Metran က သူမရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။ တိုင်ဖွန်းဖန်ဖုန်း တိုက်ခတ်နေမှုကြောင့် ကူးတို့သင်္ဘော ဝန်ဆောင်မှုများ ရပ်နားထားဆဲဖြစ်ရာ ယနေ့ ခရစ္စမတ်နေ့အထိ ဆိပ်ကမ်းတွေမှာ လူဦးရေ ၂၅,၀၀၀ ကျော် သောင်တင်နေကြကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်ရာ ဒေသသို့ ပျံသန်းမယ့် လေကြောင်းခရီးစဥ်တွေကိုလည်း ဖျက်သိမ်းထားရဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေဖြစ်ကာ မုန်တိုင်းဒဏ်သင့် နေရာများရှိ ဒေသခံတွေဟာ ဆင်းရဲမွဲတေမှု အတောမသတ်နိုင် ဖြစ်ကြရပါတယ်။

Share

Loading Next Article...
က္က