ဖိလစ်ပိုင်ကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
(Photo: Razvale Sayat/AFP)
ဖိလစ်ပိုင်မှာ တိုင်ဖွန်းကမ်မူရီ (Typhoon Kammuri) ယနေ့ (ဒီဇင်ဘာ ၃ ရက်) တိုက်ခတ်နေခဲ့တာဖြစ်ပြီး မုန်တိုင်းအန္တရာယ်ကြောင့် လူဦးရေ ထောင်ပေါင်းများစွာ ယာယီခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေခဲ့ရပါတယ်။ မုန်တိုင်းဖြတ်သန်းတိုက်ခတ်တဲ့ မနီလာမြို့တော်ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် (NAIA) ကို ဘေးကင်းလုံခြုံရေး စိုးရိမ်းမှုများကြောင့် ပိတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။
အားကောင်းတဲ့ တိုင်ဖွန်းကမ်မူရီဟာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်) ညဥ့်နက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး လေပြင်းတိုက်မှုတွေကြောင့် ပြတင်းပေါက်မှန်များကွဲခြင်းနဲ့ အဆောက်အအုံ အမိုးများ လန်ထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
(Photo: Simvale Sayat/AFP)
အဆိုပါ မုန်တိုင်းဟာ လူဦးရေ ၁၃ သန်းခန့် နေထိုင်ကြတဲ့ မနီလာမြို့ရဲ့ တောင်ဘက်ကနေ ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ မနီလာမြို့မှာ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) များ လက်ခံကျင်းပနေပြီး ဒေသတွင်းမှ အားကစားသမား ထောင်နဲ့ချီ ရောက်ရှိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှာဖြစ်တာကြောင့် SEA Games အားကစားပြိုင်ပွဲ အမျိုးအစား ၈ မျိုးထက်မနည်းရဲ့ ပွဲစဥ်တွေကို ရွှေ့ဆိုင်းထားမယ်လို့ သက်ဆိုင်ရာ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်စဥ် Bicol ဒေသမှာ အလယ်ပိုင်းမှာ ရေနစ်သူ သုံးဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်မြို့တော် မနီလာမြို့ရဲ့တောင်ဘက်ရှိ ဒေသတစ်ခုမှာလည်း လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ (Photo: Getty Images)
"ကြိုတင်ရွှေ့ပြောင်းမှုတွေ မလုပ်ထားခဲ့ရင် လူသေဆုံးမှု အခုထက်ပိုများနိုင်ပါတယ်" လို့ Oriental Mindoro ပြည်နယ် အုပ်ချုပ်ရေးမှူး Humerlito Dolor က DZMM ရေဒီယိုသတင်းဌာနကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ကုန်းတွင်းပိုင်း ဝင်ရောက်ပြီးနောက် တိုင်ဖွန်းကမ်မူရီဟာ အားလျော့သွားခဲ့ပေမဲ့ လေတိုက်နှုန်း တစ်နာရီလျှင် ၉၃ မိုင်အထိ ရှိနေဆဲဖြစ်ပြီး မုန်တိုင်းကြောင်း လေပြင်းတိုက်မှုအဟာ အမြင့်ဆုံး တစ်နာရီလျှင် ၁၂၇ မိုင် ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထာပါတယ်။
(Photo: Razvale Sayat/AFP)
မုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ပိတ်ထားခဲ့တဲ့ မနီလာမြို့ရှိ NAIA လေဆိပ်ကို ယနေ့ည ဒေသစံတော်ချိန် ၁၁ နာရီမှာ ပြန်ဖွင့်သွားမယ်လို့ ဆိုပါတယ်။ NAIA လေဆိပ် ပိတ်ထားခဲ့ရတာကြောင့် လေကြောင်းခရီးစဥ် ၅၀၀ ခန့် ဖျက်သိမ်းခဲ့ရပါတယ်။
(Source and Infographic: HKO/AFP)
ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေဖြစ်ကာ မုန်တိုင်းဒဏ်သင့် နေရာများရှိ ဒေသခံတွေဟာ ဆင်းရဲမွဲတေမှု အတောမသတ်နိုင် ဖြစ်ကြရပါတယ်။ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် စူပါတိုင်ဖွန်းဟိုင်ယန် (Super Typhoon Haiyan) ဟာ လူသေဆုံးမှုအများဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန်ကြောင့် လူ ၇,၃၀၀ ကျော် သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။