အုန်းသီးအရက်ကို အားလပ်ရက်တွေနဲ့ ပွဲအခမ်းအနားတွေမှာ သောက်သုံးကြလေ့ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးအရက်သောက်ပြီးနောက် အဆိပ်သင့်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၃၀၀ ကျော်ကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

(Photo: Reuters)

အုန်သီးအရက်သောက်ပြီး သေဆုံးခဲ့သူနဲ့ ဆေးရုံတင်ခဲ့ရသူတွေအနက် ခရစ်စမတ်ပါတီပွဲ ကျင်းပခဲ့သူအချို့လည်း ပါဝင်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ပြောပါတယ်။ မနီလာမြို့တော်တောင်ဘက်ရှိ လာဂွန်နာနဲ့ ကူဇွန်ပြည်နယ်တွေမှာ အုန်းသီးဝိုင်အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။



အဆိပ်သင့်သူအားလုံးဟာ အဆိုပါပြည်နယ်တွေမှာ လူကြိုက်များတဲ့ လမ်ဘန်နော့ဂ် (Lambanog) ခေါ် အုန်းသီးမှချက်လုပ်ထားတဲ့ အရက်ကိုသောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လမ်ဘန်နော့ဂ် အုန်းသီးအရက်ကို အားလပ်ရက်တွေနဲ့ ပွဲအခမ်းအနားတွေမှာ အများအပြားက သောက်သုံးကြလေ့ရှိတယ်လို့ ဆိုပါတယ်။

(Photo: ABS-CBN News)

လူဂွန်နာမှာ လူအများအပြားကို ဆေးရုံတင်ခဲ့ရပြီး ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၉ ရက်) နဲ့ ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) အတွင်း သေဆုံးမှုတွေရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရီဇယ်လ်က ပြောပါတယ်။ "သူတို့အားလုံးက လမ်ဘန်နော့ဂ် သောက်ခဲ့ကြပါတယ်၊ အချို့က ဒီအရက်ကို အားလပ်ရက်မှာသောက်ဖို့နဲ့ မွေးနေ့ပါတီအတွက် ဝယ်ခဲ့ကြတာပါ၊ အခြားသူတွေကိုတော့ ခရစ်စမတ်ပါတီပွဲအတွက် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပေးခဲ့ကြတာဖြစ်ပါတယ်" လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အဆိပ်သင့်မှုဖြစ်စေခဲ့တဲ့ လမ်ဘန်နော့ဂ်အရက်အကြွင်းအကျန်တွေကို စုဆောင်းသိမ်းဆည်းထားပြီး ဓာတ်ခွဲစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ဖိလစ်ပိုင်မှာ စည်းမျဥ်းစည်းကမ်းများဖြင့် စနစ်တကျ ထိန်းသိမ်းကွပ်ကွဲမှုမရှိတဲ့ လမ်ဘန်နော့ဂ်အရက် ထုတ်လုပ်ရောင်းချဟာ အသစ်အဆန်းမဟုတ်ဘဲ တစ်ခါတစ်ရံ အန္တရာယ်ရှိတဲ့ ဖြည့်စွက်ပစ္စည်းများထည့်သွင်းကြတယ်လို့ ဆိုပါတယ်။

(Map: Reuters)

ဖိလစ်ပိုင် အစားအစာနဲ့ဆေးဝါးကွပ်ကွဲရေးဌာန (Food and Drug Administration - FDA) က အရက်ချက်လုပ်ကြရာမှာ မက်သနောထည့်သွင်းမှုက အန္တရာယ်ရှိကြောင်း သတိပေး တားမြစ်ပိတ်ပင်ထားပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က FDA နဲ့ ရဲတပ်ဖွဲ့ဟာ တရားဝင်မဟုတ်တဲ့ လမ်ဘန်နော့ဂ်အရက်ကို အများပြည်သူသို့ ရောင်းချနေတဲ့နေရာတွေကို ရှာဖွေဖော်ထုတ်ပြီး ပစ္စည်းများသိမ်းယူကာ ရောင်းချသူတွေကို တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့ပါတယ်။ ယမန်နှစ်အတွင်းကလည်း ဖိလစ်ပိုင်မှာ လမ်ဘန်နော့ဂ်သောက်ပြီး အဆိပ်သင့်မှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က