ဖိလစ်ပိုင်နိုင်ငံမှာ ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်တဲ့ လေယာဥ်တစ်စီး မနီလာမြို့တော်မှ ပျံတက်စဥ် မီးလောင်ပေါက်ကွဲပြီး ပျက်ကျခဲ့ရာ လိုက်ပါသွားသူ ရှစ်ဦးလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မနီလာမြို့မှ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်သို့ ပျံသန်းတဲ့ ဖိလစ်ပိုင်အခြေစိုက် Lionair စင်းလုံးငှားလေယာဥ်ကုမ္ပဏီရဲ့ လေကြောင်းခရီးစဥ်အမှတ် RPC 5880 လေယာဥ်ဟာ ယနေ့ (မတ်လ ၂၉ ရက်) ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်စဥ် ပေါက်ကွဲမီးလောင်ပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းအရ လေယာဥ်ပျက်ကျရာနေရာမှ ကြီးမားတဲ့ မီးခိုးလုံးကြီးထွက်ပေါ်နေပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်နေကြတာ တွေ့ရပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဥ်ဟာ အင်ဂျင်နှစ်လုံးတပ် Westwind ဂျက်လေယာဥ်အမျိုးအစားဖြစ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း သုံးဦး၊ လေယာဥ်အမှုထမ်း သုံးဦး၊ လူနာတစ်ဦးနဲ့ အဖော်လိုက်ပါလာသူတို့ လိုက်ပါသွားခဲ့ကြောင်း လွှတ်တော်အမတ်နဲ့ ဖိလစ်ပိုင်ကြက်ခြေနီအသင်း ဥက္ကဌ Richard Gordon က Twitter မှာ ပြောထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အမေရိကန်တစ်ဦးနဲ့ ကနေဒါတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
(လွှတ်တော်အမတ်နဲ့ ကြက်ခြေနီအသင်း ဥက္ကဌ Richard Gordon က ရေးသားထားမှု)
"လေယာဥ်က Ninoy Aquino လေဆိပ်ကနေ ပျံတက်စဥ်မှာ မီးလောင်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ် အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယခုဖြစ်ရပ်ကို ဖိလစ်ပိုင် မြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
Source: Reuters, RT