ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရသူတွေအနက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားများ ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်း ဂျိုလိုကျွန်းမှာ အသေခံဗုံးပေါက်ကွဲမှု အပါအဝင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: Nickee Butlangan/AFP)

မငြိမ်မသက်မှုတွေရှိနေတဲ့ ဂျိုလိုကျွန်း (Jolo) မှာ ယနေ့ (ဩဂုတ် ၂၄ ရက်) ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရသူတွေအနက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုနှစ်ခုဟာ ဂျိုလိုကျွန်းပေါ်ရှိ အဓိကကျတဲ့ မြို့ထဲမှာ တစ်နာရီခြားပြီး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။



ဖိလစ်ပိုင်တောင်ပိုင်း ဂျိုလိုကျွန်းဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ဆက်နွယ်တဲ့ အဘူဆေယက်ဖ်အဖွဲ့က အခိုင်အမာ ခြေကုပ်ရယူထားတဲ့ နေရာဖြစ်ပြီး ထိုအဖွဲ့က လတ်တ‌လော နှစ်များအတွင်း အသေခံဗုံးခွဲသမားများ အသုံးပြုကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ဖိလစ်ပိုင်တောင်ပိုင်းမှာ အလားတူ တိုက်ခိုက်မှုတွေအနက် အကြီးမားဆုံး တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

(Photo: Nickee Butlangan/AFP)

၂၀၁၉ ခုနှ် ဇန်နဝါရီလအတွင်း ဂျိုလိုကျွန်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ အသေခံ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်မှုအရ ပထမဆုံး ဗုံးပေါက်ကွဲမှုဟာ ယနေ့ မွန်းလွဲပိုင်းဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ရပ်ထားတဲ့ စစ်ဘက်ထရပ်ကားနှစ်စီးအနီး မော်တော်ဆိုင်ကယ်တစ်စီးမှာ ဗုံးတပ်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုဗုံးပေါက်ကွဲမှုကြောင့် စစ်သားများနဲ့ အရပ်သားများ သေဆုံးခဲ့ပါတယ်။ ထို့နောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က စစ်ဆေးနေစဥ် အသေခံဗုံးခွဲသမား အမျိုးသမီးတစ်ဦးက အတားအဆီးကို ဖြတ်ကျော်ဝင်ရောက်လာပြီး အသေခံဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အသေခံဗုံးခွဲမှုကြောင် ဗုံးခွဲသူအမျိုးသမီးနဲ့ အခြား လူအချို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုနှစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး၊ အရပ်သား ၆ ဦးနဲ့ အသေခံဗုံးခွဲသူ အမျိုးသမီးတို့ သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၇ ဦးနဲ့ အရပ်သား ၄၈ ဦး ဒဏ်ရာရခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ အာဏာပိုင်တွေက ဗုံးပေါက်ကွဲမှုတွေကို စုံစမ်းစစ်ဆေးနေပြီး မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း သိရှိနိုင်ရန် ဆောင်ရွက်နေပါတယ်။

ယခု ဗုံးပေါက်ကွဲမှုနှစ်ခုအတွင်း သေဆုံးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနက် သမ္မတဒူတာတေးကအဘူဆေယက်ဖ်အဖွဲ့ကို ချေမှုန်းရန် ဖွဲ့စည်းထားခဲ့တဲ့ အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဖိလစ်ပိုင်တောင်ပိုင်းအခြေစိုက် အဘူဆေယက်ဖ်အဖွဲ့ဟာ ခွဲထွက်ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်ပြီး လုယက်တိုက်ခိုက်မှု၊ ပင်လယ်ဓားပြမှု၊ ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းမှု၊ အရပ်သားတွေနဲ့ စစ်တပ်ပစ်မှတ်တွေကို မရေတွက်နိုင်တဲ့အထိ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က