ခရီးဆောင်အိတ် ၄ ခုအတွင်း သိုဝှက်ထည့်သွင်းထားပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေက မနီလာမြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စွန့်ပစ်ထားခဲ့တဲ့ ခရီးဆောင်အိတ်များအတွင်း လိပ်အကောင်ရေ ၁,၅၀၀ ကျော်ကို မတ်လ ၃ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

(Photo: Facebook/Bureau of Customs NAIA)

တိပ်များဖြင့်ပတ်ထားပြီး အစားအစာနဲ့ အဝတ်အထည်များလည်းပါဝင်တဲ့ ခရီးဆောင်အိတ် ၄ ခုအတွင်း သိုဝှက်ထည့်သွင်းထားတဲ့ လိပ်တွေကို တွေ့ခဲ့ရပါတယ်။ လိပ်များထည့်သွင်း သယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်တွေကို ဟောင်ကောင်မှ ပျံသန်းလာခဲ့တဲ့ PR311 လေကြောင်းခရီးစဉ်မှာ လိုက်ပါလာတဲ့ ဖိလစ်ပိုင်ခရီးသည်တစ်ဦးက စွန့်ပစ်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ ယခု သိမ်းဆည်းရမိခဲ့တဲ့ လိပ်တွေကို ဖိလစ်ပိုင် ပီဆိုငွေ ၄.၅ သန်း (အမေရိကန်ဒေါ်လာ ၈၆,၆၃၁) ကျော်ဖြင့် ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။



(Photo: Facebook/Bureau of Customs NAIA)

လိပ်တွေကို သယ်ဆောင်လာခဲ့သူဟာ တောရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှုအတွက် ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်ကြောင်းကို သိရှိသွားပြီးနောက် လိပ်တွေထည့်သွင်းသယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်တွေကို စွန့်ပစ်ထားခဲ့တာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။ ဖိလစ်ပိုင်မှာ တောရိုင်းတိရိစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ်သူတွေဟာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ပီဆို ၂၀၀,၀၀၀ ချမှတ်ခံရနိုင်ပါတယ်။

(Photo: Facebook/Bureau of Customs NAIA)

Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့ရတဲ့ ခရီးဆောင်အိတ်များထဲမှ ပင်လယ်လိပ်၊ ကုန်းလိပ်နဲ့ ကြယ်လိပ်များ အပါအဝင် စုစုပေါင်း လိပ်အကောင်ရေ ၁,၅၂၉ ကောင်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အကောက်ခွန်ဌာနက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံတွေမှာ လိပ်တစ်ကောင်းချင်းစီကို ငွေရောင်တိပ်ဖြင့် ရစ်ပတ်ထားတာ တွေ့ခဲ့ရပါတယ်။

ထို့အတူ လိပ်အကောင်ပေါက်လေးတွေကိုလည်း ပလပ်စတစ်ဘူးများအတွင်းထည့်ပြီး တိပ်ဖြင့်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ယခု သိမ်းဆည်းရမိခဲ့တဲ့ လိပ်တွေကို ပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ်များဌာနရဲ့ တောရိုင်းတိရိစ္ဆာန်ကုန်ကူးမှု စောင့်ကြည့်ရေးဌာနခွဲသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဖိလစ်ပိုင်အကောက်ခွန်ဌာနက ပြောခဲ့ပါတယ်။

(Photo: Facebook/Bureau of Customs NAIA)

လိပ်တွေကို ဖိလစ်ပိုင်မှာ ရောင်းချရန် သို့မဟုတ် အခြား နိုင်ငံများသို့ စာရွက်စာတမ်းအတုများဖြင့် မှောင်ခိုတင်သွင်းရန် ရည်ရွယ်ထားပုံရတယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက သုံးသပ်ခဲ့ပါတယ်။

"ဒါက စီးပွားရေးရည်ရွယ်ချက်နဲ့လုပ်တာပဲ၊ ဒါက အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါ၊ ဝယ်သူတွေနဲ့ စုဆောင်းသူတွေက ဒီလိပ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် ဝယ်ယူကြလေ့ရှိတယ်" လို့ ပတ်ဝန်းကျင်ဆိုင်ရာဌာနမှ Benny Antiporda က AFP သတင်းဌာကို ပြောပါတယ်။

(Photo: Facebook/Bureau of Customs NAIA)

ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ လအတွင်းကလည်း ဘန်ကောက်မြို့မှ လာရောက်တဲ့ ခရီးသည်တစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းမှာ ဖွတ်အကောင်ရေ ၅၀ ကျော်ကို တွေ့ရှိသိမ်းဆည်းခဲ့ပါသေးတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ဖွတ်တွေအနက် အချို့ကို ရေဘူးနဲ့ ခြေအိတ်များထဲမှာ သိုဝှက်ထည့်သွင်းလာခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာတစ်ခုအရ ဖိလစ်ပိုင်ဟာာ တောရိုင်းတိရိစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာမှာ အဓိက ရင်းမြစ်နဲ့ ခရီးတစ်ထောက်ရပ်နားရာ နေရာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က