ဖိလစ်ပိုင်တောင်ပိုင်း ပွဲတော်တစ်ခုရှိ လူအုပ်စုအတွင်း ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ အခြား လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဟာ မငြိမ်မသက်မှုတွေဖြစ်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှာ တစ်လမပြည့်မီအတွင်း သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တဲ့ ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Photo: Philippine Red Cross
"အသံအကျယ်ကြီးပဲ၊ ကျွန်တော်တို့လည်း အဲဒီနေရာကနေ ချက်ချင်းထွက်ပြေးခဲ့ကြတယ်၊ ဒါပေမဲ့ အင်္ကျီမှာသွေးတွေဖုံးလွှမ်းနေတဲ့ မိန်းကလေးငယ်တစ်ယောက်ကို သူ့အဖေက ပွေ့ချီထားခဲ့တဲ့မြင်ကွင်းကို မေ့မရဘူး" လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောခဲ့ပါတယ်။
အိုင်အက်စ်ကိုထောက်ခံသည့် BIFF အဖွဲ့ဝင်များ (Photo: AFP)
"အိုင်အက်စ်အုပ်စုနဲ့ အဆက်အသွယ်ရှိတဲ့ BIFF (Bangsamoro Islamic Freedom Fighters) အဖွဲ့က ဒီလိုတိုက်ခိုက်မှုတွေ အလုပ်ချင်ဆုံးဆိုတာ ထင်ရှားပါတယ်" လို့ ဖိလစ်ပိုင်စစ်တပ်မှ ဗိုလ်ကြီးအာဗင်အန်စီနက်စ်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ နောက်ထပ် ဗုံးနှစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။
Photo: Philippine Red Cross
သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ အစ်ဆူလန်မြို့တည်ခြင်း ၆၁ နှစ်မြောက် အခမ်းအနား ကျင်းပနေစဉ်အတွင်း ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယခုဖြစ်ရပ်မတိုင်မီ တစ်လမပြည့်မီကလည်း အဆိုပါဒေသတွင်း ဘက်စီလန်ကျွန်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ကားဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်းသိရပါတယ်။
Photo: Philippine Red Cross
ဖိလစ်ပိုင်တောင်ပိုင်းမှာ ဆယ်စုနှစ်များကြာပြီဖြစ်တဲ့ စစ်သွေးကြွတွေရဲ့ ပုန်ကန်ထကြွမှုအတွင်း လူဦးရေ ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရှိရပါတယ်။
Share