ဝတ်ပြုဆုတောင်းမှုအတွက် လူအများအပြား စုရုံးနေကြစဉ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်း ဂျိုလိုကျွန်းမှာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၇ ရက်) က ဖြစ်ပွားခဲ့တဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်း ဗုံးပေါက်ကွဲမှုအတွင်း လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောထားပါတယ်။ ခရစ်ယာန်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွက် လူအများအပြား စုရုံးရောက်ရှိနေစဉ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။



ပြင်းထန်တဲ့ ပထမဗုံးပေါက်ကွဲမှုကြောင့် ဘရားကျောင်းဝတ်ပြုဆောင်အတွင်း ခုံတန်းများနဲ့ ပြတင်းပေါက်များ ပျက်စီးသွားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေ ပြန့်ကျဲနေခဲ့ပါတယ်။ ထို့နောက် ဗုံးပေါက်ကွဲမှုသတင်းကြောင့် စစ်သားများ အလျင်အမြန် ရောက်ရှိလာကြစဉ် ဘုရားကျောင်းအပြင်ဘက်မှာ နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး စစ်သားများ သေဆုံးဒဏ်ရာရခဲ့ပါတယ်။

(Photo: Inquirer)

ဂျိုလိုကျွန်းရှိ Cathedral of Our Lady of Mount Carmel ဘုရားကျောင်းမှာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်က ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ပထမဗုံးပေါက်ကွဲပြီး မကြာမီမှာပင် ဘုရားကျောင်းရဲ့ တံခါးဝမှာချထားတဲ့ နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၂၇ ဦး သေဆုံးကြောင်း အစောပိုင်းမှာ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သေဆုံးသူအရေအတွက် ၂၀ ထက်မနည်း ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအနက် အများစုဟာ အရပ်သားတွေလည်း ဖြစ်ပါတယ်။

(Photo: AP)

ယခု ဗုံးပေါက်ကွဲမှုတွေဟာ မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ဂျိုလိုကျွန်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုကျယ်ပြန့်စွာရရှိရေး လူထုဆန္ဒခံယူပွဲ မဲပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါ လူထုဆန္ဒခံယူပွဲကို ဖိလစ်ပိုင်အစိုးရနဲ့ Moro Islamic Liberation Front (MILF) တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုအရ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AP)

လူထုဆန္ဒခံယူပွဲဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ အစ္စလာမ်မစ် ခွဲထွက်ရေးသမားတွေကြား ဆယ်စုနှစ်များတိုင် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်စေမယ့် နိုင်ငံရေးအရ ဖြေရှင်းနည်းတစ်ခု ဖြစ်နိုင်မယ်လို့ အစိုးရက မျှော်လင့်ထားခဲ့ပါတယ်။ ဆယ်စုနှစ်များတိုင် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူဦးရေ ၁၂၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က