စက်တင်ဘာ ၁၅ ရက်မှာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ယခု သီတင်းပတ်ကုန်မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး လူပေါင်း ၁၀ သန်း မုန်တိုင်းအန္တရာယ်ရှိနေကြောင်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း ယာဂီ တိုက်ခတ်အပြီး မြင်ကွင်းတစ်ခု (Photo: AFP)



မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရလေ့ရှိတဲ့ ဖိလစ်ပိုင်မှာ ရေကြီးမှု၊ မြေပြိုမှုနဲ့ ပင်လယ်ရေလှိုင်းများ မြင့်တက်ရိုက်ခတ်မှုတို့ ဖြစ်ပေါ်နိုင်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးသမားတွေက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ စူပါတိုင်ဖွန်းမန်ဂွတ် (Super Typhoon Mangkhut) ဟာ လာမယ့် စနေနေ့ (စက်တင်ဘာ ၁၅ ရက်) မှာ ဖိလစ်ပိုင်မြောက်ဘက်စွန်းရှိ လူဇွန်ကျွန်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေကို အသင့်ချထားကြောင်း သိရပါတယ်။

တိုင်ဖွန်းမန်ဂွတ်ဟာ လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပိုမိုအားကောင်းလာပြီး စူပါတိုင်ဖွန်းဖြစ်လာကာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၈ မိုင်ဖြင့် တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

Map: Weather Underground

"အဖျက်စွမ်းအားကြီးတဲ့ ဒီမုန်တိုင်းကြီး ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက် ဖိလစ်ပိုင်ဒေသတွေမှာရှိတဲ့ လူဦးရေ ၁၀ သန်းအတွက် ကျွန်တော်တို့ စိုးရိမ်နေပါတယ်" လို့ ဖိလစ်ပိုင်ကြက်ခြေအနီအသင်းဥက္ကဋ္ဌ ရစ်ချတ်ဂေါ်ဒန်က ပြောပါတယ်။ ဖိလစ်ပိုင် မိုးလေဝသဌာနရဲ့ အဆိုအရ တိုင်ဖွန်းမန်ဂွတ်ဟာ ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာမှာဖြစ်ပြီး ကြာသပတေးနေ့ (စက်တင်ဘာ ၁၄ ရက်) မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၆၇ မိုင်ဖြင့် တိုက်ခတ်ပြီးနောက် အနည်းငယ်အားလျော့ကာ ကုန်းတွင်းပိုင်းကို အန္တရာယ်ရှိတဲ့ လေတိုက်နှုန်းဖြင့် ချဉ်းကပ်လာနိုင်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်မှာ ရေကြီးနေမှု (Photo: Sky News)

တိုင်ဖွန်းမုန်တိုင်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်မှာ လူဦးရေသုံးသန်း နေထိုင်လျက်ရှိတယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းက ခန့်မှန်းထားကြောင်း ဆက်သွယ်ရေးအရာရှိ မေရီဂျွိုင်း အီဗယ်လာရိုဆာက AFP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ဖိလစ်ပိုင်လူဦးရေ ခုနစ်သန်းဟာလည်း တိုင်ဖွန်းမုန်တိုင်း အန္တရာယ်ရှိနေကြောင်းနဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ကြုံတွေ့ရနိုင်ကြောင်း ၎င်းကဆိုပါတယ်။

လက်ရှိမှာလည်း မနီလာမြို့တော် မြောက်ဘက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ကြတဲ့ လူဇွန်ကျွန်း အလယ်ပိုင်းတစ်လျှောက် ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းဟိုင်ယန် တိုက်ခတ်အပြီး မြင်ကွင်း (Photo: AFP)

ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ အပူပိုင်းမုန်တိုင်း ပျမ်းမျှအရေအတွက် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိရာ သေဆုံးသူအရေအတွက် ရာနဲ့ချီပြီး လူဦးရေသန်းနဲ့ချီကာ ဆင်းရဲမွဲတေမှုဖြစ်စေပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း အပူပိုင်းမုန်တိုင်းယာဂီနဲ့ မုတ်သုန်မိုးတွေကြောင့် လူဇွန်ကျွန်း အလယ်ပိုင်းဒေသအပြင် မနီလာမြို့တော်မှာလည်း ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး မုန်တိုင်းမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာအတွင်း တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် ဖြစ်ပါတယ်။ အဆိုပါ စူပါတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၅၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က